မကွေး ဇွန် ၁၁

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက မကွေးမြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် ဌာနများက ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာ သိရှိစေရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် သင်တန်းပြီးဆုံး၍ မိမိလုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းက လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများနှင့် အသိပညာ၊ ဗဟုသုတများ ရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ရန်အတွက် တိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များက အသက်(၄၅)နှစ်အောက် အရာထမ်း သင်တန်းသားများကိုသာ သတ်မှတ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသည် သာမန်ဖွင့်လှစ်သည့် သင်တန်းမျိုးမဟုတ်ဘဲ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် မိမိကိုယ်တိုင်ပါဝင်ရန်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဝန်ထမ်းများ၏ ကွန်ရက်ကို ဖြန့်ကျက်ဆန့်ထုတ်ရန် ဖြစ်ကြောင်းကို စွဲစွဲမြဲမြဲ နားလည်ထားရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ယခုသင်တန်းတွင် ကုန်စည်တင်ပို့/ တင်သွင်းခြင်းနှင့် တားဆီးဖမ်းဆီးစစ်ဆေးမှု လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ယစ်မျိုးစီမံခန့်ခွဲမှု၊ အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သစ်တောဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ ဖမ်းဆီးရမိမော်တော်ယာဉ်များ စီမံခန့်ခွဲမှု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနတို့မှ ဥပဒေလုပ်ထုံးလုပ်နည်းများကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပို့ချဆွေးနွေး သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် တရားမဝင်ပစ္စည်းများ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်က ယခုသင်တန်းသည် တစ်ကြိမ်တည်း ဖွင့်လှစ်မည့် သင်တန်းမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် နည်းပြများ၏ သင်ကြားပေးမှုကိုသာမက တရားမဝင်တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သီးခြားသိလိုသည်များ၊ ဆွေးနွေးလိုသည်များရှိလျှင် ပွင့်ပွင့်လင်းလင်း ဆွေးဆွေးနွေးကြရန်၊ မိမိတို့၏ အတွေ့အကြုံ၊ ထင်မြင်ယူဆချက်များ၊ အကြံပြုချက်များကို အခြားသင်တန်းသားများ သိရှိရအောင်လည်း မျှဝေဆွေးနွေးကြရန် မှာကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန် ၁၀ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားပိုချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ