ပဲခူး ၂၃ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၂၂ ရက် နံနက် ၈ နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သာယာဝတီမြို့နယ် ဇိမ်ဇာကျေးရွာအုပ်စု၊ ဇိမ်ဇာအနောက်ဘုန်းတော်ကြီးကျောင်း မဟာသမယဓမ္မဗိမာန်တွင် ဇိမ်ဇာကျေးရွာအုပ်စုအတွင်း သောက်ရေတွင်း (၅)တွင်း တူးဖော်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ဇိမ်ဇာအနောက်ဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဇိမ်ဇာကျေးရွာအုပ်စုအတွင်း သောက်ရေတွင်း(၅)တွင်း တူးဖော်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် သိန်း(၃၀)အား ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်ကာ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြမှုများအပေါ် တာဝန်ရှိဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

ယင်းနောက် ဇိမ်ဇာကျေးရွာအတွင်း သောက်ရေတွင်းတူးဖော်ထားရှိမှု၊ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ခမုံဆိပ်ကျေးရွာအုပ်စု၊ မြစ်သာယာကျေးရွာ မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း(၁၀၀)အား ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်ကာ မန်ကျီးကွင်းစားကျက်မြေကိစ္စအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်သို့သွား ရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ မြောက်လုပ်ကုန်းကျေးရွာအုပ်စုနှင့် ကရင်ချောင်းကျေးရွာအုပ်စုတို့ ဆက်သွယ်သည့် မြစ်မခမြစ်ကူးတံတား တည်ဆောက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ငွေကျပ်(၉၇)သိန်းအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

ယင်းနောက် မိုးညိုမြို့နယ် ဆင်မနိုင်ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံ ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာကိစ္စနှင့်ပတ်သက်၍ အငြင်းပွားနေမှုအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်တို့နှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက မြောက်လုပ်ကုန်း၊ ကရင်ချောင်း၊ ဆင်မနိုင်နှင့် ဆင်ခေါင်းကျေးရွာအုပ်စုများအတွင်းရှိ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများအား လည်းကောင်း၊ ဆင်မနိုင်တိုက်နယ်ဆေးရုံအတွက် ဆေးရုံသုံးကျန်မာရေးပစ္စည်းများအား လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn