ပဲခူး ၁၆ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်အိတ်(၅၀၀) လာရောက်ထောက်ပံ့လှူဒါန်းပွဲကို ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဆန်စပါးစျေးကွက် ရှာဖွေရေး၊ စျေးကွက်ခိုင်မာမှုရှိရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးစသည့် အခြေခံ အချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံ့အတွင်း ဆန်းစပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု၊ အဆင့်မြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီစဉ်နေမှု၊ ဆန်စက်များ၊ သိုလှောင်ရုံများ အတွက် အသိအမှတ်ပြု လက်မှတ်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များနှင့် ခရိုင်အလိုက် စပါးစိုက်ပျိုးသူ ဒေသကိုယ်စားလှယ်တို့က စက်မှုစီးပွားဂရန်ရရှိိရေး၊ စိုက်ပျိုးရေ ရရှိရေး၊ မြေအသုံးချခွင့် ရရှိရေးနှင့် ချေးငွေရရှိရေးစသည့်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာလအတွင်း Facility Quarantine များတွင် အသုံးပြုနိုင်ရေး ဆန်အိတ် ၅၀၀   ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်‌ရွှေတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ထို့အတူ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နေရပ်ပြန် ပြည်သူများ ကြိုဆိုရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ အလှူရှင်(၂)ဦးမှ လှူဒါန်းငွေကျပ် သိန်း(၅၀)အား ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ လာရောက်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းများလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn