၂၅ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နတ်တလင်းမြို့နယ်အတွင်းရှိ ချင်းကုန်း-ပွဲသာ စားကျက်မြေပြဿနာနှင့် ပတ်သက်၍  လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက   နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးသန့်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးသန်းထွန်းအောင်က မဲဆန္ဒရှင် အမည်စာရင်း ကောက်ယူမှု၊ ကြော်ငြာကပ်ထားမှု၊ အမှားပြင်ဆင်မှု အခြေအနေများကို လည်းကောင်း၊ သာယာဝတီခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဉီးမင်းဗညားက နတ်တလင်းမြို့နယ်အတွင်း မီးလင်းရေး အ‌ခြေအနေများအား လည်းကောင်း အသီးသီးတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဝင့်သူက မွေးမြူရေးဆိုင်ရာများနှင့် နေဗီယာမြက်စိုက်ပျိုးခြင်းဆိုင်ရာ ကိစ္စများကိုဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဒေသခံပြည်သူများက နတ်တလင်းမြို့နယ်အတွင်းရှိ ချင်းကုန်း-ပွဲသာ စားကျက်မြေကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်နှင့်  သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက စားကျက်မြေအပေါ် ရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ‌တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ချဉ်ယုတ်ကွင်း တိုက်နယ်ဆေးရုံ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးရန်ကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ နှစ်ဦးနှစ်ဖက်အဆင်ပြေမှုရရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် နတ်တလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အပံ့ပစ္စည်း များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)