ဝန်းသို  ၂၇  ဩဂုတ်

 

၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွပ်ရွပ်ချွန်ချွန်  တွန်းလှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တု တပ်ဆင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါရုပ်တတပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ်ရုပ်တုဖြစ်မြောက်ရေးကော်မတီအဖွဲ့၊ ရုပ်တုပညာရှင် ဆရာစူးမြင့်သိန်းအဖွဲ့၊ ဒါကာ၊ ဒါကာမများပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ လွယ်လင့်တကူ ဝင်ရောက်လေ့လာဂုဏ်ပြုနိုင်ရန်အတွက် ပန်းခြံ၊ ရေပန်း၊ ဗိမာန်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယက မိန့်ကြားခဲ့ သည်။

 

မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်တုအား ဝန်းသိုမြို့ မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံနေရာတွင် ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဖွင့်လှစ်တည် ထားခဲ့ပြီး ယခုစော်ဘွားကြီးဝတ်စုံဖြင့် အမြင့် ၁၈ ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင် မြတ်ရုပ်တုအသစ်ကို ခန့်မှန်းငွေကျပ် သိန်း ၃၅၀ ကျော် ကုန်ကျခံ၍ ဝန်းသို- ကျောက်တန်းမြို့ ထွက်တွင် ဂုဏ်ပြုတည်ထားကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)