ဝန်းသို ၂ ဇူလိုင်
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွပ်ရွပ်ချွန်ချွန် တွန်းလှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း တိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စစ်သူကြီးဝတ်စုံဖြင့် အမြင့် ၁၈ ပေရှိသော စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တုသစ်တစ်ခု ဂုဏ်ပြုထားရှိမည်ဖြစ်ကြောင်း အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယက မိန့်ကြားခဲ့သည်။
“စော်ဘွားကြီးရုပ်တုကို ဇူလိုင်လ ၁၀ ရက်လောက်မှာ သယ်ဆောင်လာတော့မှာဖြစ်ပါတယ်၊ ရုပ်တု တည်ထားမယ့် အောက်ခံဖောင်ဒေးရှင်းကလည်း ပြီးသလောက်ဖြစ်နေပါပြီ၊ ဒီစော်ဘွားရုပ်တုဟာဆိုရင် နန်းတော်မှာ ခစားဝင်တဲ့အခါ ဝတ်တဲ့စစ်သူကြီးဝတ်စုံဖြစ်ပါတယ်၊ အရပ်ဝတ်နဲ့ စစ်သူကြီးဝတ်စုံ လဲလှယ်ဝတ် ဆင်လေ့ရှိတဲ့ အဝတ်လဲတောင်ကုန်း ဝတ်လဲတော်ကုန်းဘုရားဆိုပြီး မြို့သစ် (၁)ရပ်မှာ သမိုင်းဝင်စေတီ တစ်ဆူအဖြစ်လည်း ဖူးမြော်တွေ့မြင်နိုင်ပါတယ်၊ စော်ဘွားကြီးရဲ့ သူရဲကောင်း စိတ်ဓါတ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ရော၊ သမိုင်းဝင်မှတ်တမ်းတစ်ခု တည်ရှိနေစေရန်အတွက် ရည်ရွယ်ပြီးတော့ အခုလိုတည်ထား ဂုဏ်ပြုရခြင်းဖြစ်ပါတယ် “ ဟု ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။
မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်တုကို ဝန်းသိုမြို့ မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံနေရာတွင် ၂၀ဝ၆ ခုနှစ်၊ ဇွန် ၁၆ ရက်နေ့က ဖွင့်လှစ်တည် ထားခဲ့ပြီး ယခု အမြင့် ၁၈ ပေရှိ အဂငေ်္တဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တု အသစ်ကို ဝန်းသို-ကျောက်တန်း ကားလမ်းအထွက်နေရာ၌ ပန်းခြံ၊ ရေပန်း၊ ဗိမာန်များပြုလုပ်ကာ ခရီးသွားပြည်သူများ လွယ်လင့်တကူ ဝင်ရောက်လေ့လာ ဂုဏ်ပြုနိုင်ရေးအတွက် ထားရှိသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


