ဝန်းသို ၁၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာဈေး နှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့် မုန့်ဖိုများတွင် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝန်းသိုမြို့မစျေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် သက်တမ်းလွန်မှိုတက် အစားအသောက်များနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ်များ မပါရှိသည့် ပစ္စည်းများရောင်းချမှု ရှိ/မရှိနှင့် မြို့ပေါ်ရပ်ကွက်ရှိ ရေစိမ်လုပ်ငန်းနှင့် မုန့်ဖိုများတွင် သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုရှိ/မရှိ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားထည့်သွင်းမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအနေဖြင့် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုမရှိပါက နောင်စစ်ဆေးသည့်အခါ ကုန်စည်များကို သိမ်းဆည်းအရေးယူသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြသည်။

 

ဝန်းသိုမြို့နယ်တွင် စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ကုန်ပစ္စည်းများ၊ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိ တို့ကို တာဝန်ရှိသူများက လစဉ်ကွင်းဆင်းကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)