ဝန်းသို ၅ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဘုံချောင်းကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး အမျိုးသားလျှပ်စစ်မီးလင်းရေးစီမံကိန်း NEP (OFF GRID)Solar Home System (မဟာဓါတ်အားလိုင်းပြင်ပ) တစ်အိမ်သုံး ဆိုလာစနစ်ဖြင့့်် ကျေးရွာမီးလင်းရေး လုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
အဆိုပါ ကျေးရွာမီးလင်းရေးစီမံကိန်း လုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် မီးလင်းရေးဌာနစိတ် တာဝန်ခံ ဒေါ်အိမွန်ဟိန်းတို့က စီမံကိန်း လုပ်ငန်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆိုလာဖြင့် TV ၊ EVD player, ပန်ကာအသုံးပြုပုံတို့ကို လက်တွေ့တပ်ဆင်အသုံးပြု၍ ကျေးရွာပြည်သူများအား ပြသပေးခဲ့သည်။
ဘုံချောင်းကျေးရွာတွင် အိမ်ခြေ ၆၇ အိမ်ရှိပြီး ဆိုလာတပ်ဆင် အသုံးပြုမည့် သူများအနေဖြင့် 100W Solar ကို ပြည်သူထည့်ဝင်ငွေ ၁၅၀၀၀၀ကျပ်၊ 60W Solarကို ပြည်သူထည့်ဝင်ငွေ ၅၀၀၀၀ကျပ် အချိုးကျ ထည့်ဝင်ပြီး ထည့်ဝင်ငွေအား နှစ်ကြိမ် အရစ်ကျထည့်ဝင်ရမည်ဖြစ်ကြောင်း၊ တစ်အိမ်သုံး ဆိုလာစနစ် 100W နှင့် 60 W တို့တွင် ဘက္ထရီပါသော ဆိုလာပုံးနှင့်အတူ မီးသီး(၄)လုံး၊ မီးချောင်း(၁)ချောင်းတို့ကို အသုံးပြုသူ အိမ်များတွင် စနစ်တကျ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းမှ စာသင်ကျောင်းတစ်ကျောင်း၊ ဘာသာရေးကျောင်း နှစ်ကျောင်း၊ ကျန်းမာရေးဆေးခန်း တစ်ခုနှင့် လမ်းမီးတိုင်များကို အခမဲ့တပ် ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


