ဝန်းသို  ၁၈  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၉ နာရီက ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာဈေး ရှိကုန်စုံဆိုင်များတွင် တားမြစ် ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် တာဝန်ရှိသူ များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝန်းသိုမြို့မ စျေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်နှင့် အလှကုန်ဆိုင်ခန်းပေါင်း ၃၀ တို့တွင် သက်တမ်းလွန်မှိုတက်အစား အသောက်များနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ်များမပါရှိသည့် ပစ္စည်းများရောင်းချမှု ရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်မျာအား တာဝန်ရှိသူများက အသိပညာပေးပြောကြားခဲ့သည်။

 

ဝန်းသိုမြို့နယ်တွင် စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ကုန်ပစ္စည်းများ၊ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိ တာဝန်ရှိသူများက လစဉ် ကွင်းဆင်းကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)