ဝန်းသို ၂၂ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကင်း-ကြိမ်ဖူးကုန်းကျေးရွာ၏ အနောက်ဘက် ၂ဖာလုံအကွာ “ရှင်မတောင်” တောင်တန်းကြီးအနီးနားရှိ အမြင့်ပေ ၁၅၀ ခန့်တောင်ကုန်းပေါ်တွင် နှစ်ပေါင်း ၂၅၀ ကျော်က တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်း “ကန်တောင်” စေတီတော်ကြီးကို ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော်ဦးဆောင်၍ ကျေးရွာပြည်သူများ၊ ရပ်မိ/ရပ်ဖများ၊ လူငယ်ပရဟိတအဖွဲ့များ၊ အလှူရှင်များစုပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ဒီကန်တောင်စေတီ ဘုရားသမိုင်းကိုပြောမယ်ဆိုရင်တော့ အရင်ဆုံး ကန်တောင်စေတီတော်ရဲ့ တောင်ဘက်မှာရှိတဲ့ ကျွန်တော်တို့ ရှေးဟောင်းသာသနာ့နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ကျောင်းတော်ကြီးကို ပြောရမှာဖြစ်ပါတယ်၊ ဒီကျောင်းတော်ကြီးကို ကောဇာသက္ကရာဇ် ၁၁၂၅ခုနှစ် ဆင်ဖြူ ရှင်မင်း တရားလက်ထဲမှာ ဝန်းသိုစော်ဘွား ဦးရွှေသား၏ ခမည်းတော်အမိန်းအာဏာနဲ့ တည်ဆောက်ခဲ့တဲ့ ဇမ္မူဆီမီး အမည်ရှိ ရွှေကျောင်းတော်ကြီးဖြစ်ပါတယ်၊ အဲ့ဒီကျောင်းတော်ကြီးနဲ့ ကန်တောင်စေတီဟာ မရှေးမနှောင်း တည်ဆောက်ခဲ့တယ်လို့ ရှေးပေပုရပိုက်စာများအရ သိရသာကြောင့် ကန်တောင်စေတီတော်ကြီးဟာ နှစ် ပေါင်း၂၅၀ကျော်ရှိပြီလို့ ခန့်မှန်းရပါတယ်၊ ကန်တောင်စေတီတော်ပတ်လည်မှာရှိတဲ့ ခြင်္သ့ရုပ်ထုလေးခုနဲ့ မုခ် လေးခုဟာ ၁၃၀၀ပြည့်နှစ်မှာ ကင်းရွာသူကြီး ဦးဉာဏ်နဲ့ အလှူရှင်များ စုပေါင်းပြီးတော့ လှုဒါန်းထားခဲ့တယ် လို့လည်းသိရပါတယ်၊ နှစ်စဉ်လများ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ မြန်မာ သက္ကရာဇ် ၁၂၆၀ ခုနှစ်မှာ ရှေးလူကြီးများက ပထမအကြိမ်၊ ၁၃၀၀ပြည့်နှစ်မှာ ကင်းရွာသူကြီး ဦးဉာဏ်၊ ဒေါ်မြဲတို့က ဦးဆောင်ပြီးမှ ဒုတိယအကြိမ်ပြုပြင်ခဲ့ပါတယ်၊ ယခု ကျွန်တော်တို့ စုပေါင်းပြုပြင်သာကတော့ တတိယအကြိမ် ဖြစ်ပါတယ်”ဟု ရပ်မိ/ရပ်ဖ ဦးကျော်လှက ပြောသည်။

 

“ဒီရှေးဟောင်စေတီတော်ကြီးဟာ ညအချိန်အခါဆို ရောင်ခြည်တော်တွေလွတ်တယ်ဆိုတဲ့ သတင်းစကားတွေအရ ပတ်ဝန်းကျင်ကျေးရွာတွေက နေ့စဉ်လာရောက်ပြီ ဘုရားဖူးကြပါတယ်၊ ယခင်က စေတီတော်ကို တက်ရောက်ဖူးမြော်တဲ့အခါမှာ လမ်းလှေကားထစ်တွေက သစ်ပင်ကြိုသစ်ပင်ကြား လွန်းထိုးပီးတော့ ခက်ခဲစွာ တက်ရောက်ရပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ လူငယ်ပရဟိတအဖွဲ့တွေ၊ ရပ်မိ/ရပ်ဖတွေ၊ အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေ၊ အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဒီနှစ် ကိုဗစ်-၁၉ ကာလမှာ တောင်တက်လမ်းကို ကွန်ကရစ်လှေကားထစ် ၁၈၀ ကျော်ပြုလုပ်နိုင်ခဲ့တဲ့အပြင် ဘုရားရင်ပြင်တော်ရဲ့ တောင်ဘက်မှာ ဓမ္မာရုံငယ်ကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်၊ နောက်ပြီး ပြည်သူများ ညဘက်တွေ ဘုရားဖူးလာရောက်ကြတဲ့အခါ အခက်အခဲဖြစ်တာကြောင့် ရွာကနေ လျှပ်စစ်မီးတိုင် ၁၃ ခန်းကို ဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့ ကျေးရွာပြည်သူများအနေနဲ့ ရပ်ဝေးရပ်နီးက ဘုရားဖူးပြည်သူများ စိတ်ချမ်းသာစွာဖူးမြော်နိုင်စေရန် အတွက် လိုအပ်တဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် စေတနာရှင်အလှူရှင်များ အနေနဲ့ ပါဝင်လှူဒါန်းနိုင်ပါတယ်လို့ ဖိတ်ခေါ်ဆန္ဒပြုလိုက်ရပါတယ်” ဟု  ရပ်မိ/ရပ်ဖ ဦးတင်လေးက ပြော ကြားခဲ့သည်။

 

အဆိုပါကန်တောင်စေတီတော်ကြီး၏ အနီးတစ်ဝိုက်တွင် ရှေးဟောင်းသာသနာ့နယ်မြေအဖြစ် သတ်မှတ်ထားသည့် မူလကင်းကျောင်းတိုက် ရှေးဟောင်းကျောင်းတော်ကြီးနေရာနှင့် လူ “အ”တိုင်နေရာ၊ ကြာမျိုးငါးပါးနှင့်ပြည့်စုံပြီး အကျယ်အားဖြင့် ၁၀ ဧကရှိသည့် ရေကန်ကြီးနှင့် အနောက်ဘက်တွင် “ရှင်မတောင်” တောင်တန်းကြီးနှင့်အတူ စိမ်းစိုသော တောတောင်သစ်ပင်များနှင့်အတူ သာယာသောသဘာဝ အလှအပရှုခင်းများကြောင့် ဘုရားဖူးပြည်သူများ အနေဖြင့် စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ကြကြောင်း သိရှိရသည်။

 

ကျော်မြိုင်(ပြန်/ဆက်)