ဝန်းသို    ၉  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသရေ ရရှိရေးလုပ်ငန်းအဖြစ် ၄ လက်စက်ရေတွင်းကို ကင်းမြင်သာကျေးရွာအုပ်စု၊ ကင်မွန်းခြုံကျေးရွာတွင် အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်

 

အဆိုပါ လေးလက်မ စက်ရေတွင်းတူး‌ဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ရေပေးရေးဌာနစိတ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဇာဇာထွန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြရာ ယင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ၁၃ ဒသမ ၉၀ သန်းဖြင့် ပေ ၄၀၀ တူးဖော်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ပေ ၅၀၀ အထိ တူးဖော်ပြီးမှသာ အောင်မြင့်ခဲ့ကြောင်း၊ ဆက်စပ်လုပ်ငန်းဖြစ်သည့် ဂါလန်(၂၀၀၀)ဆံ့ ရေလှောင်ကန်တစ်လုံးနှင့် ရေစက်ရုံတစ်ခုကို ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ယခုတစ်ပတ် အတွင်း လုပ်ငန်းအားလုံးပြီးစီး‌အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့ပြီဖြစ်၍ အိမ်ခြေ(၆)ကျော်၊ လူဦးရေ(၂၉၈)ဦးအတွက် နွေရာသီရေပြတ်လပ်မှု မရှိတော့ဘဲ ရာသီဥတုမရွေး သောက်သုံရေဖူလုံစွာရရှိတော့မည်ဖြစ်ကြောင်း၊ ဆက်လက်အိမ်တိုင်ရာရောက် ရေသွယ်စနစ်ကိုလည်း မြို့နယ်ကျေးလက်ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ဦးထွန်းထွန်းက ပြောကြားသည်။

 

မွှေးကြူဇင်