ဝန်းသို ဇန်နဝါရီ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ၇၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ(၇)ရွာအနက် တုံးကြိတ်ကျေးရွာနှင့် ချမ်းမြသီတာကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ သင်တောကျေးရွာနှင့် ပန်းညိုကျေးရွာတို့တွင် ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၊ ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းချဲ့ခြင်း၊ ဂွေးကုန်းကျေးရွာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သင်တောကျေးရွာ၊ ပန်းညိုကျေးရွာနှင့် တုံးကြိတ်ကျေးရွာတို့တွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း၊ ဂွေးကုန်းကျေးရွာတွင် ၉၀ ရာခိုင်နှုန်း၊ ချမ်းမြသီတာကျေးရွာတွင် ၈၀ ရာခိုင်နှုန်း၊ ဆပ်သွားကျင်းကျေးရွာတွင် ၅၀ ရာခိုင်နှုန်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဖော်ပြပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းမှ ထောက်ပံငွေ ကျပ်သန်း (၇၀)၊ ပြည်သူထည့်ဝင်ငွေ (၂ ဒသမ ၅၆)သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၄၉၂ အိမ်၊ လူဦးရေ ၂၁၀၃ ဦးတို့အတွက် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွှေးကြူဇင်