ဝန်းသို ၃၀ နိုဝင်ဘာ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏  အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ယင်းစီမံကိန်းအတိုရငွေဖြင့် ဆောင်ရွက်ခဲ့သော မြိုင်ဇေယျာကျေးရွာ ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ‌ရာနှုန်းပြည့်ပြီးစီး၍ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင်  အဆိုပါကျေးရွာ ကွန်ကရစ်လမ်းပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စောအေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် တစ်ဦးက ကွန်ကရစ်လမ်းဆောင်ရွက်ရာတွင် အသုံးပြုခဲ့သော ကုန်ကျစရိတ်များ ကို  ဖတ်ကြားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးထံ ကွန်ကရစ်လမ်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း၊ အဆိုပါလမ်းပြီးစီးခဲ့၍ လူဦးရေ (၃၅၀)ကျော်တို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို အဘက်ဘက်က များစွာအကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။ 

မွှေးကြူဇင်