ဝန်းသို ၂၆ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းကို ကျေးရွာပေါင်း ၃၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မော်ခါးကျေးရွာတွင် စီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် အမှိုက်သိမ်းဆည်းရန် ကားတစ်စီးဝယ်ယူခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးမြတ်မျိုးထွန်းကပြောသည်။
"ကျွန်တော်တို့ရွာက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာ စတုတ္ထ စက်ဝန်းလည်ပတ်နေကြပါပြီ၊ အတိုးရငွေပေါင်းသိန်း(၂၄၀)ကျော်ရပါပြီ၊ စီမံကိန်း လက်စွဲစာစောင်ပါ လမ်းညွှန်ချက်အရ သိန်း(၁၀၀)ကျော်ရင် ၅၀ ရာခိုင်နှုန်းကို ဖွံ့ဖြိုးရေး လုပ်ငန်းဆောင် ရွက်ခွင့်ပြုထားတဲ့အတွက် အတိုးရငွေထဲကသိန်း(၁၀၀)နဲ့ ရွာက သိန်း(၃၀) ကျော် စိုက်ပြီး Tipper ကားတစ်စီးဝယ်ပါတယ်။ ကျွန်တော်တို့ရွာ အမှိုက်ကင်းစင်ရွာဖြစ်ရေးနဲ့ ဘုန်းကြီးကျောင်း ဆောက်သည့်အခါ လိုအပ်တဲ့ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ အုတ်တွေသယ်ယူဖို့ အထောက်အကူ ရပါတယ်။ ယခု ကားဝယ်လိုက်တဲ့အတွက် ရွာသန့်ရှင်းသပ်ရပ်ဖို့နဲ့၊ မိမိရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အဆင်ပြေတယ်" ဟု ကျေးရွာကော်မတီဝင် ဦးဌေးမောင်ကပြောသည်။
မော်ခါးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါယင်းကျေးရွာ၌ အတိုးရငွေသိန်း (၁၀၀) သုံးစွဲပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူနှစ်ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၈၉ ဦး၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်ရန်ခုနှစ်ဦးကို လည်ပတ်ရန်ပုံငွေ ၄၃၀ သိန်းအား စတုတ္ထစက် ဝန်းအဖြစ် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


