ဝန်းသို ၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ရာသီပေါ်သီးနှံ စိုက်ပျိုးမှုများပြားသည့် မကျည်ကုန်းအုပ်စု၊ လက်ပံကြီးတောအုပ်စု၊ ကြို့ကုန်းအုပ်စုနှင့် ကြိုင်းခွင်အုပ်စု စသည့် ကျေးရွာများသည် အောက်တိုဘာလကုန်ပြီးဆိုပါက သီးနှံများစိုက်ပျိုးရမည့် ကာလဖြစ်သော်လည်း မိုအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စိုက်ခင်းများအတွင်း ပြောင်းရွှေ့စိုက်ပျိုးရန်အတွက် အခက်တွေ့နေရကြောင်း သိရသည်။
အဆိုပါ ရာသီပေါ် ဆောင်းသီးနှံစိုက်ခင်းများသည် နှစ်စဉ် ယခုလိုအချိန်တွင် စိုက်ပျိုးပြီးစီးချိန်ဖြစ်၍ ကိုက်လန်၊ ပန်းမုံလာများ လှိုင်လှိုင်ထွက်ရှိပြီး ကောလင်းစျေးကွက်သို့ ရောင်းချနေကြရသော်လည်း ယခုအခါ မိုးအဆက်အပြတ် ရွာသွန်းမှုများကြောင့် စိုက်ပျိုးထားသည့် သီးနှံများလည်း ပျက်စီးခြင်း၊ စိုက်ခင်း အတွင်း ပြောင်းရွှေ့စိုက်ပျိုးကြမည့် ပျိုးပေါင်များဖြင့် ပျိုးထောင်ထားသော ကိုက်လန်၊ သစ္စာပန်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်၊ ခရမ်းချဉ် စသည့်သီးနှံများ စိုက်ခင်းများအတွင်း ပြောင်းရွှေ့စိုက်ပျိုးရန် အခက်တွေ့ နေရသည်ဟု အုပ်ဖိုကျေးရွာမှ ကိုမြင့်ထွန်းက ပြောသည်။
ဝန်းသိုမြို့နယ်တွင် အောက်တိုဘာ ၂၂ ရက်က မိုးရေချိန် ၂ ဒသမ ၁၆လက်မ၊ ၂၃ ရက်က မိုးရေချိန် ၂ ဒသမ ၁၂ လက်မ၊ ၂၄ ရက်က မိုးရေချိန် ၀ ဒသမ ၉၂ လက်မ၊ ၂၅ ရက်က မိုးရေချိန် ၀ ဒသမ ၇၂ လက်မ၊ ၂၆ ရက်က မိုးရေချိန် ၀ ဒသမ ၁၆ လက်မတို့ ရွာသွန်းမှုတို့ကြောင့် မကျည်းကုန်းအုပ်စု၊ လက်ပံကြီးတောအုပ်စု၊ ကြိုင်းခွင်အုပ်စုနှင့် ကြို့ကုန်းအုပ်စုရှိ ရာသီပေါ်သီးနှံစိုက်ခင်းများ ပျက်စီးရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဝန်းသိုမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်က မိုးရေချိန် ၀ ဒသမ ၃၆ လက်မ၊ ၂ ရက်က ၀ ဒသမ ၇၆ လက်မ၊ ၃ ရက်တွင် ၀ ဒသမ ၅၆ လက်မနှင့် နိုဝင်ဘာ ၄ ရက်က မိုးရေချိန် ၀ ဒသမ ၆၀ လက်မ ရွာသွန်းခဲ့သဖြင့် ရာသီပေါ်သီးနှံထပ်မံစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် စိုက်ခင်းများအတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရန်အတွက် အခက်တွေ့နေလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


