နေပြည်တော် ၂၆ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ စွမ်းဆောင်ရည်များ၊ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မှုရှိ/မရှိ စနစ်တကျ အကဲဖြတ်နိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများနှင့် စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ် ချပြရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စွမ်းဆောင်ရည် စီမံခန့်ခွဲမှုစနစ် ချပြရှင်းလင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးနိုင်အောင်က တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ ဦးစီးမှူးများအား ဆွေးနွေးမှာကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှန်ခေါင်ဂျာဂူက စွမ်းဆောင်ရည်စီမံခန့်ခွဲမှု စနစ် အကဲဖြတ်ပုံစံများအကြောင်းကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများမှ ဆွေးနွေးပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးရဲမင်းကျော်က ပြန်လည်ဖြေကြားသည်။
အဆိုပါ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ် ချပြရှင်းလင်းဆွေးနွေး ပွဲကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး (၁၇)ရုံး၊ ခရိုင်ရုံး (၇၂)ရုံးနှင့် မြို့နယ်(၁၇၇)ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


