နေပြည်တော် ၂၉ သြဂုတ်
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးရှိမည့် အပြင် ဝန်ထမ်းများ၏ ဘဝနောင်ရေးအတွက် စိတ်အေးရစေရန် အထောက်အပံ့ဖြစ်မည် ဖြစ်ပြီး လူနေမှုအဆင့်မြင့်မားမှုကို အထောက်အကူပြုနိုင်ပါကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ ပထမမူကြမ်းကို ရေးဆွဲထားပြီး မိမိတို့ အကောင်အထည်ဖော်မည့် ရန်ပုံငွေပုံစံနှင့် ကိုက်ညီမှုရှိသည့် ဥပဒေဖြစ်ပေါ်ရေးအတွက် ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရန်ပုံငွေသည် နိုင်ငံတော်အတွက် လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ထမ်းများအတွက် စုဆောင်း တတ်သည့် စိတ်ဓါတ်ကို လေ့ကျင့်ပေးနိုင်သည့်အပြင် တဖက်တွင် စုဆောင်းမှုကို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများအဖြစ် ကူးပြောင်းနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ အတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ပင်စင်စနစ်ဟောင်းနှင့် စနစ်သစ်များအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ကော်မတီ၏ လုပ်ငန်းများ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေ ပထမမူကြမ်း ရေးဆွဲပြီးစီးမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒီဇိုင်းပုံစံတို့ကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ကော်မတီဝင်နှင့် ဆပ်ကော်မတီဝင်များက အကြံပြုဆွေးနွေး ကြပြီး ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်


