မိုင်းယောင်း ၁၂ ဇူလိုင်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနေ့ အခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ သဘာပတိ ဦးစိုင်းအောင်ဇော်လင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းတင့်က နှစ်ပတ်လည် အစည်းအဝေးကျင်းပဆောင်ရွက်မှုနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အသင်းသားစာရင်းစစ် ဒေါ်ဝင်းဝင်းအောင်က ဖတ်ကြားရှင်းလင်းပြီး ဘဏ္ဍာရေးရှင်းတမ်းနှင့် ပတ်သက်၍ မေးမြန်းတင်ပြချက်နှင့် ပြင်ဆင်ဖြည့်စွက်ရန်မရှိကြောင်း အသင်းသားတို့၏ ဆန္ဒများရယူ အတည်ပြုခဲ့ကြသည်။ ယင်းနောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသား၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ စံပြမိသားစု၊ ရပ်ကွက်(၇)နှင့် ရပ်ကွက်(၉) မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့အား ပံ့ပိုးချေးငွေများကိုလည်းကောင်း တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ အသင်း၏ အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းသူ၊ အသင်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ် အတိုးများနှင့် အမြတ်အမ်း လက်ဆောင်ပစ္စည်းများလည်း ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN