ရေနံချောင်း ၁၆ ဇူလိုင်
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ချိန်ကာလတွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေနံချောင်းမြို့နယ်အတွင်း စီမံချက်ဝင်ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများအတွက် World Vision မှ တန်ဖိုးငွေကျပ် ၅၇ သိန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးလှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ World Vision မှ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်မီမီထွေးက ပံ့ပိုးလှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး စီမံချက်ဝင်ကျေးရွာ ၃၁ ရွာရှိ စာသင်ကျောင်းများနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့အတွက် ခြေနင်းလက်ဆေးဘေစင် ၆၅ ခု၊ Surgical နှာခေါင်းစည်း အခု ၇၅၀၀၊ လက်သန့်ဆေးရည်(500 ML) ၁၁၆ ဘူး၊ ဆပ်ပြာခဲ(115 G) ၁၀၆၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၅၇၆၅၅၈၀ တန်ဖိုးရှိ ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်း စီမံချက်ဝင်ကျေးရွာများရှိ မူကြိုကျောင်း ၁၇ ကျောင်းကိုလည်း World Vision မှ ခြေနင်းလက်ဆေးဘေစင် ၁၇ ခု၊ လက်သန့်ဆေးရည်(500 Ml) ၃၄ ဘူး၊ ဆပ်ပြာခဲ(155 G) ၃၄၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၅၅၆၂၀ တန်ဖိုးရှိ ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေးပစ္စည်းများ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


