နေပြည်တော် မတ် ၆

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများအနက် ပြည်တွင်းသုံးစွဲ၍ ပိုလျှံသည့်ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ဉီးစွာ ပြည်‌ထောင်စုဝန်ကြီး ဉီးထွန်းအုံက အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဝါသီးနှံစိုက်ပျိုးရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရန်၊ ဝါသီးနှံမျိုး ကောင်းမျိုးသန့်အသုံးပြုနိုင်ရန်၊ ဝါဂွမ်းနှင့်ချည်ကို ပိုမိုထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းသုံးပြီး ပိုလျှံပါက နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာ တင်ပို့နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု လျာထားချက်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၆၄၅,၇၁၂ ဧကနှင့် ၅၃၉,၆၅၆ တန် ထွက်ရှိရန် လျာထားသည်ဟုသိရပါကြောင်း၊ ဝါဂွမ်း တင်ပို့နိုင်ရေးအတွက်  အစိုးရ - ပုဂ္ဂလိက ကဏ္ဍများမှ ပူးပေါင်း၍ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စီးပွားရေး သံမှူးများနှင့် အသင်းအဖွဲ့များမှ တက်ရောက်လာကြသူများအနေဖြင့် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန်၊ ပို့ကုန်ဈေးကွက်များ ရှာဖွေမြှင့်တင်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှတသည့် ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ရန် သက်ဆိုင်ရာအစိုးရဌာနနှင့် အသင်းအဖွဲ့များအားလုံးမှ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ကြိုးစားအကောင်အထည်ဖော်ကြရန် ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ပိုလျှံဝါဂွမ်းကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်