ဒီးမော့ဆို ၁၄ ဇူလိုင်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက ငွေတောင် ဆည်ရှေ့၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် ဌာနဆိုင်ရာများ၊ အမှတ်(၉) လွိုင်ကော် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လမ်းအသုံးပြု၍ သွားလာနေသော မော်တော်ယာဉ် ၁၀၁ စီးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဆိုင်ရာများကို အသိပညာ ပေး ဆောင်ရွက်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ လမ်းအသုံးပြုပြီး သွားလာနေသော မော်တော်ယာဉ်တွေ များပြားလာသည့်အပြင် ယာဉ်မောင်းသူများ၊ ပြည်သူများ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ယာဉ်မတော်တဆမှုများ လာခြင်းကြောင့် မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဓိကဦးစားပေး အသိပညာပေးလုပ်ငန်းများကို တစ်ပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာမှုမရှိသော မော်တော်ယာဉ်များ၊ ယာဉ်မောင်းသူများအား သတ်မှတ်ထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်းထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)


