ဘားအံ ၁၆ မေ
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် အောင်စစ်သည်ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက်မှ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား ယနေ့ညနေ ၃ နာရီခန့်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ နစ်နာကြေး သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုသည် မေလ ၁၃ ရက် နံနက် ၄ နာရီခန့်ကဖြစ်ပွားခဲ့ပြီး အမျိုးသား(၁၅)ဦး၊ အမျိုးသမီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဒေါ်ချိုချိုထွန်း အား သူတစ်ပါးထိခိုက်မှုအာမခံ ဒဏ်ရာရရှိမှုအတွက် နစ်နာကြေး ကျပ် ၁၂၀ဝ၀ဝ (တစ်သိန်းနှစ်သောင်းကျပ်)နှင့် မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပလုပ်သား အသက်အာမခံတစ်ယူနစ် ဝယ်ယူထားရှိခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် ကျပ် ၂၅၅၀ဝ၀ဝ (နှစ်ဆယ့်ငါးသိန်းငါးသောင်းကျပ်) စုစုပေါင်း ၂၆၇၀ဝ၀ဝ (နှစ်ဆယ့်ခြောက်သိန်း ခုနှစ်သောင်း) အား မြန်မာ့အာမခံလုပ်ငန်း ဘားအံရုံးမှ တာဝန်ရှိသူများက ဘားအံပြည်သူ့ဆေးရုံကြီးတွင် သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြည်ပအလုပ်အကိုင်အဖွဲ့ချုပ် (MOEF)မှ ငွေကျပ် ၅၀ဝ၀ဝ (ငါးသောင်းကျပ်)နှင့် ထိုင်းနိုင်ငံဘက်ခြမ်း အလုပ်သမားအေဂျင်စီမှ ဘတ်ငွေ ၂၀ဝ၀ (နှစ်ထောင်ဘတ်)အား ပေးအပ်ခဲ့ပြီး မေမြတ်နိုး ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)