ရန်ကုန် ၁၀ မေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ကမကထဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ Myanmar Investors Development Association(MIDA)နှင့် Pricewaterhouse Coopers Co.Ltd တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် Yangon Investment Forum 2019 ကို Lotte Hotel Yangon ၌ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါဖိုရမ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။
ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများ စုစုပေါင်းလူဦးရေ ၁၂၀ဝ ကျော်ခန့် တက်ရောက်ခဲ့ ကြသည်။
ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သောဂုဏ်ပြုအမှာစကားကို ထုတ်လွှင့်ပြသခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စေရန် စုပေါင်းအားရဲ့ အရေးပါမှုကို ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ အစိုးရပိုင်းက ခိုင်မာတဲ့ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်း မူဘောင်များကို ချမှတ်အကောင်ထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍနှင့်လည်း အတူတကွပူးပေါင်း၍ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်ဖြစ်စေဖို့ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှာစကားကို သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ပြင်ပ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဖို့ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်း တည်ထောင်ထားပြီး ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ပြင် စီးပွားရေးအသိုက်အဝန်း၏ လိုအပ်ချက်နှင့် ဆောင်ရွက်ချက်များကို ပိုမို သိရှိနားလည်ရေးအတွက် မိမိအနေဖြင့် စီးပွားရေး အသိုက်အဝန်းက အသံများကို ဆက်လက်၍ အလေးအနက် နားထောင်ပြီး ပြည်သူများ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ယနေ့ဖိုရမ်ရဲ့ ဆောင်ပုဒ်မှာ “Yangon Region: Investment Hub in Myanmar” ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေး အဓိက အချက်အချာကျသည့်နေရာ သာမက အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု အချက်အချာနေရာ ဖြစ်ရန် ရည်ရွယ်ပါကြောင်း”ပြောကြားခဲ့သည်။
ထို့နောက် Myanmar Investors Development Association (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်အရဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပုဂ္ဂလိက ကဏ္ဍတို့မှ တင်ပြချက်များနှင့် စကားဝိုင်းဆွေးနွေးပွဲ များကို အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်သူများသည် ၂၀၁၉ ခုနှစ်မေလ ၁၁ ရက်နေ့တွင် သီလဝါ အထူးစီးပွားရေးဇုန်၊ လှိုင်သာယာ စက်မှုဇုန်နှင့် MICT Park တို့သို့ သွားရောက်လေ့လာကြမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သည် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် Lotte Hotel ၌ Myanmar Investors Development Association (MIDA) က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
(သတင်းစဉ်)