ရန်ကုန် ၄ ဇူလိုင
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြောင်းဖြင့် ခရီးသည်ပို့ဆောင်ပေးနေသော Yangon Water Bus အသုံးပြုသည့် ဆိပ်ကမ်း ကိုးခုအနက် နှစ်ခုသာ ငှားရမ်းခကောက်ခံကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ထောက်အထွေထွေမန်နေဂျာ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အဖွဲ့ဝင် ဦးဘိုစိုး က ပြောသည်။
"ဆိပ်ကမ်း ကိုးနေရာမှာ ဗိုလ်တစ်ထောင်က အမှတ်(၄)တံတားနဲ့ လမ်းသစ်တံတားကပဲ ငှားရမ်းခ တစ်လခုနှစ်သိန်းယူပြီး ကျန်တဲ့တံတားတွေက မယူပါဘူး၊ ကျွန်တော်တို့ ခေတ်စကားနဲ့ပြောရင် FOC ပေါ့၊ ကျွန်တော်တို့ ခရီးစဉ်တွေ အောင်မြင်ပါစေဆိုပြီး ဆိပ်ကမ်းအာဏာပိုင်က အခွန်အခတွေ မယူသေးဘဲနဲ့ နောင်ဒီထက် ဖွံ့ဖြိုးတိုးတက်လာမှ ထိုက်သင့်တဲ့ အခွန်အခတွေ ကောက်မယ်ဆိုပြီး ခုချိန်ထိ ဆိပ်ကမ်းကိုးခုမှာ နှစ်ခုဘဲ ငှါးရမ်းခယူပါတယ်"ဟု ဦးဘိုစိုး က ပြောသည်။
အဆိုပါ ဆိပ်ကမ်းကိုးခုမှာ ရန်ကုန်ဘက်ခြမ်းတွင် ဗိုလ်တစ်ထောင်(အမှတ်(၄)တံတား)၊ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လှိုင်ဘူတာရုံလမ်း၊ အင်းစိန်နှင့် ဒလဘက်ခြမ်းတွင် ဆာပါချောင်၊ သမ္မတကမ်းခြေ၊ အံ့ကြီးသင်္ဘောကျင်းတို့ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။
လက်ရှိ Yangon Water Bus အနေဖြင့် သင်္ဘောစီးရေ ၁၁ စီးဖြင့် တစ်လလျှင် ခရီးသည် တစ်သိန်းဝန်းကျင်ကို သယ်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။
"ဒီဘက်နွေတုန်းကတော့ တစ်လတစ်လကို ခရီးသည်တစ်သိန်းစွန်းစွန်းလောက် ပြေးနိုင်တဲ့အခြေအနေ ရှိပါတယ်၊ သို့သော်လည်း မှန်တာဝန်ခံရရင် ဒီမိုးတွင်းမှာတော့ လျော့သွားတယ်"ဟု ဦးဘိုဝင်း က ပြောသည်။
ထို့ပြင် Yangon Water Bus ကို ပုဇွန်တောင်ချောင်းအတွင်း တိုးချဲ ့ပြေးဆွဲနိုင်ရန်အတွက် Yangon Water Bus တည်ထောင်သည့် တင့်တင့်မြန်မာကုမ္ပဏီနှင့် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပုဇွန်တောင်ချောင်းရိုးတစ်လျှောက် ဆိပ်ခံတံတားများ တည်ဆောက်မည့် အတက်အဆင်းပြုလုပ်ရန် သင့်တော်သည့် နေရာများအား လေ့လာဆန်းစစ်မှုများပြုလုပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ဆက်ပြောသည်။
"ရေရှည်မှာ ကျွန်တော်တို့က တောင်ဥက္ကလာပစေတီနားအထိ ဆွဲပေးဖို့ စီစဉ်ထားပါတယ်၊ ဒီလိုနေရာတွေမှာ ဖြစ်သင့်ပါတယ်လို့ ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရကို တင်ပြပြီးပါပြီ"ဟု ဦးဘိုဝင်း က ပြောသည်။
Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး အချိန် တစ်နှစ်ခွဲကျော် ရောက်ရှိလာပြီဖြစ်ကာ ရန်ကုန်မြို့တွင်း ခရီးသည်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည့်အပြင် တခြားခရီးစဉ်များအဖြစ် ကျောက်တန်း၊ တွံတေး စသည့် ခရီးစဉ်များကိုလည်း စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
Nyein Nyein


