ရန်ကုန် ၄ ဇူလိုင်
Yangon Water Bus ကို အသုံးပြု စီးနင်းနေသော ခရီးသည်မှာ တစ်လျှင် တစ်သိန်းနီးပါးရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အဖွဲ့ဝင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် လက်ထောက် အထွေထွေမန်နေဂျာ ဦးဘိုစိုးက ပြောကြားသည်။
ကျွန်တော်တို့ Water Bus ဟာ တစ်နှစ်တာ ကာလအတွင်းမှာ ခရီးသည် ပေါင်း တစ်လကို ပျမ်းမျှ တစ်သိန်း လျော့လျော့၊ စဆွဲတုန်းကတော့ တစ်သိန်း မပြည့်ခဲ့ဘူး။ ဒီဘက်နွေတုန်းကတော့ တစ်လကို ခရီးသည် တစ်သိန်းစွန်းစွန်း လောက်နဲ့ ပြေးနိုင်တဲ့ အခြေအနေ ရှိပါ တယ်။ သို့သော်လည်း မိုးတွင်းမှာတော့ လျော့သွားပါတယ်ဟု လက်ထောက် အထွေထွေမန်နေဂျာ ဦးဘိုစိုးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ရုံးတွင် ယနေ့ပြုလုပ်သော တာဝန် ရှိသူများနှင့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ (၄/၂၀၁၉)တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင် ပြေးဆွဲခဲ့ပြီး ရန်ကုန်ဘက်ကမ်းတွင် ဗိုလ်တထောင်၊ နန်းသီတာ၊ လမ်းသစ်၊ ဈေးကြီးတံတား၊ လှိုင်ဘူတာရုံတံတားနှင့် အင်းစိန်တံတားအောက် နေရာဟူ၍ ဆိပ်ခံတံတား ခြောက်ခုနှင့် ဒလဘက် ကမ်းတွင် ဆာပါချောင်တံတား၊ အံကြီး သင်္ဘောကျင်း၊ သမ္မတကမ်းခြေ စုစုပေါင်း ဆိပ်ကမ်း ကိုးခုကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေ ဖြင့် ဗိုလ်တထောင် အမှတ်(၄)တံတား နှင့် လမ်းသစ်တံတားများအတွက်သာ ငှားရမ်းခအဖြစ် တစ်လငွေကျပ် ခုနစ်သိန်း ရယူခဲ့ပြီး ကျန်တံတားများကို ခရီးစဉ်အောင်မြင်စေရန်အတွက် အခမဲ့ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် Yangon Water Bus ခရီးစဉ်တိုးချဲ့နိုင်ရေးအတွက် ပုဇွန်တောင် ချောင်းအတွင်း ပုဇွန်တောင်ဈေးနေရာ၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်လရောင်လမ်းနေရာ၊ ကြက်ဘဲဈေးနှင့် သံလျင်မြို့နယ် သီတာဆိပ်နေရာ၊ ခနောင်တိုချောင်းနေရာနှင့် ရွှေပြည်သာ တံတားသစ်တင်သစ်ချ သင်္ဘောဆိပ်နေရာများတွင် ဆိပ်ခံတံတားများ ပြုလုပ်ရန် အကြံပြုတင်ပြထားကြောင်း သိရသည်။
ဆာပါချောင် - လမ်းသစ် - ဗိုလ် တထောင်ခရီးစဉ်သည် ယခုအချိန်အထိ အောင်မြင်သော ခရီးစဉ်အဖြစ် ဆက်လက်တည်ရှိနေပြီး ရုံးဖွင့်ရက်တွင် တစ်နေ့လျှင် ခရီးသည် ၃၀ဝ၀ နှင့် ၅၀ဝ၀ ကြား စီးနင်းလေ့ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ-အာကာစိုး


