ရန်ကုန် ၁၂  ဇွန်


မြို့ပြ၏ မွန်းကြပ်မှုကိုဖြေလျော့စေပြီး သန့်ရှင်းလတ်ဆတ်သောလေကို ရှူရှိုက်လျက် မြစ်ပြင်အလှကို ကြည့်ရှုခံစားနိုင်သော နေ့ချင်းပြန်ခရီးစဉ် တစ်ခုဖြစ်သည့် တွံတေးရွှေဆံတော်ဘုရား ဖူးမြော်မှုနှင့်အတူ ဒေသရိုးရာလုပ်ငန်းဖြစ်သော အိုးလုပ်ငန်းနှင့် ယက္ကန်းလုပ်ငန်းတို့ကို ကြည့်ရှုလေ့လာနိုင်မည့် အပန်းဖြေခရီးစဉ်ကို ဇွန် (၁၆) ရက်တွင် Yangon Water Bus မှ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။


ဗိုလ်တထောင်ဆိပ်ကမ်းမှ နံက်(၉)နာရီတွင် ထွက်ခွာပြီး မွန်းလွဲ (၃) နာရီတွင် ပြန်လည်ဆိုက်ကပ်မည့် အဆိုပါ နေ့ချင်းပြန် အပန်းဖြေခရီးစဉ်အတွက် နိုင်ငံသား တစ်ဦးလျှင်ကျပ် (၇၀ဝ၀) နှင့် နိုင်ငံခြားသားတစ်ဦးလျှင်ကျပ် (၂၂၅၀ဝ) (သို့) ၁၅ ဒေါ်လာ လက်မှတ်ခ ပေးဆောင်ရမည် ဖြစ်သည်။ ထိုခရီးစဉ်တွင် ရေသန့်၊ ကော်ဖီ၊ နေလည်စာထမင်းဘူး၊ လည်ပတ်ရန် ကားနှင့် ထိခိုက်မှုအာမခံ စသဖြင့် ကုမ္ပဏီမှ ဝန်ဆောင်မှုပေးထားသည်။


မိုးရာသီ အပန်းဖြေလေ့လာရေးခရီးစဉ်တွင်  တွံတေးရွှေဆံတော်ဘုရားကို ဖူးမြော်ရမည့်အပြင် ကလေးများ အကြိုက် အိုးပုတ်၊ စုဗူး၊ ပန်းအိုး၊ ရေအိုးနှင့် အခြားရိုးရာအိုးလုပ်ငန်းများအပြင် ယက္ကန်းလုပ်ငန်းကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး ထိုခရီးစဉ်အတွက် လက်မှတ်အား ဗိုလ်တထောင် ဆိပ်ကမ်း၌ ဝယ်ယူနိုင်မည်ဖြစ်သည်။ Booking နှင့် Viber Booking များ အနေဖြင့် သင်္ဘောမထွက်ခွာမီ (၄၅) မိနစ်စော၍ လက်မှတ်ဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။ အချို့သော ပြည်သူတို့၏ တောင်းဆိုချက်အရ မိုးရာသီတွင် သံလျင်မြို့နယ်ရှိ ကျောက်တန်းရေလည်ဘုရား ခရီးစဉ်ကို သွားလိုကြသော်လည်း ဒီရေအတက်အကျကြမ်းသော နေရာဖြစ်သည့်အတွက် ယခုရာသီတွင် သံလျင်ခရီးစဉ်အစား တွံတေးခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်သည်။


သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီးမှအစပြု၍ မင်းအဆက်ဆက်ပြုပြင်ခဲ့သော ရွှေတိဂုံစေတီတော်မြတ် ပုံသဏ္ဍာန် တည်ထားကိုးကွယ်ခဲ့သည့် ဂေါတမမြတ်ဗုဒ္ဒ္မ၏ ဆံတော်ခြောက်ဆူ ကိန်းဝပ်စံပယ်တော်မူရာ တွံတေးရွှေဆံတော် စေတီတော်မြတ်ကြီးကို ဖူးမြော်လျက် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်မည့် အားလပ်ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ဗိုလ်တထောင် ဆိပ်ကမ်းမှ တွံတေးသို့ နေ့ချင်းပြန် အပန်းဖြေခရီးစဉ်အား Yangon Water Bus  မှ ရန်ကုန်မြို့နေ ပြည်သူများ လေ့လာအပန်းဖြေနိုင်ရန် ခရီးသွားဝန်ဆောင်မှုကောင်း တစ်ခုအဖြစ် ဝန်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ-သန်းစိုး-သန်းထိုက်