ရန်ကုန် ၂၃  ဩဂုတ်

ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် YBS စီးနင်းသည့် ခရီးသွားပြည်သူများအား  ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် နှိုးဆော်ခြင်း၊ ပါးစပ် နှာခေါင်းစည်းများ လှူဒါန်းခြင်း လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးရှိ ဘတ်စ်ကား မှတ်တိုင်များတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ကြီးမှူး၍  YBS ခရီးသည်တင် ယာဉ်လိုင်းများနှင့် ကုမ္ပဏီများက ဝိုင်းဝန်း အသိပညာပေး လှုပ်ရှားခဲ့ခြင်းဖြစ် သည်။

ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန် လှုပ်ရှားမှုနှင့်ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ပါးစပ်၊ နှာခေါင်းစည်း တပ်တယ်ဆိုရင် အနည်းနဲ့အများတော့ ကာကွယ်မှု အထိုက်အလျောက်ဖြစ်ပါတယ်။ လက်ဆေးရည်သုံးမယ်၊ လက်အိတ်တွေသုံးမယ် ဆိုရင် ရောဂါပိုးကူးစက်မှုကို ကာကွယ်ထားတဲ့ အနေအထားတော့ရှိတယ်။ သို့သော်လည်း တစ်ချို့ကန့်သတ်ချက်တွေက ထိန်းနိုင်တဲ့နေရာမှာ ထိန်းနိုင်တယ်၊ မထိန်းနိုင်တဲ့နေရာမှာ မထိန်းနိုင်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း အသိပညာပေးခြင်းနဲ့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းမယ်၊ ကိုယ့်ကိုကိုယ် ကာကွယ်မယ်ဆိုတဲ့ အပိုင်းလေးကို ဆောင်ရွက်တာပါ” ဟု ပြောကြားခဲ့သည်။

 

mdn

 

ယနေ့လှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က  ယာဉ်လိုင်းများကို ပံ့ပိုးသည့်အနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းများ ထုတ်ဝေပေးခဲ့ပြီး ယာဉ်မောင်းများ အားလုံးကို ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်မောင်းနှင်စေခဲ့ကြောင်း သိရသည်။ ခရီးသွားပြည်သူများ ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမအနီးရှိ ဘတ်စ်ကားမှတ်တိုင်များတွင် သာမက သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်၌လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဩဂုတ်လ ၂၅ ရက်နေ့၌ ယာဉ်လိုင်းအားလုံးပါဝင်၍ ယခုထက်ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်များတွင် ခရီးသည် စီးနင်းမှုအနေဖြင့် ဇွန်လမှစ၍ နေ့စဉ် လူဉီးရေ ၁၀ သိန်းကျော် စီးနင်းလျက်ရှိပြီး ယခုအခါ ၁၁ သိန်းကျော် စီးနင်းလျက်ရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလ၏ ၆၃ ရာခိုင်နှန်းခန့် ပြန်လည်စီးနင်းလျက်ရှိကြောင်း သိရသည်။ ပြေးဆွဲသည့် မော်တော်ယာဉ်စီးရေနှင့် ခရီးသည်စီးနင်းမှု အနေဖြင့် ဩဂုတ်လ ၂၁ ရက်နေ့တွင် ယာဉ်အစီးရေ ၄၀၇၀ စီးဖြင့် ခရီးသည်ပေါင်း ၁၂ သိန်းကျော်အထိ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် မော်တော်ယာဉ်စီးရေ ၃၉၀၀ ကျော်ဖြင့် ခရီးသည် ၁၁ သိန်း ကျော်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ဆဲကာလတွင် နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်စီးရေမှာ နေ့စဉ်သွားလာနေကြသော ပြည်သူများ၏ အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရ လည်းကောင်း စီမံပြေးဆွဲရခြင်းဖြစ်ကြောင်း YRTA မှ သတင်းထုတ်ပြန်ထားသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်