ရန်ကုန် ၂၆ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲ နေသော ယာဉ်လိုင်းများတွင် ယာဉ်အစီးရေပေါင်း ၆၆၃၅ စီးကို YRTA တွင် မှတ်ပုံတင်ထားပြီး နေ့စဉ် YBS ၄၅၀ဝ ကျော် ပြေးဆွဲပေးလျက်ရှိသည်။ ခရီးသွားပြည်သူများ ယာဉ်ပေါ်၌ ခါးပိုက် နှိုက်မှုကြုံတွေ့ရပါက ဖြစ်ပွားမှုသိရှိရန် လုံခြုံရေးကင်မရာ တပ်ဆင်ထားသောကြောင့် ယာဉ်မောင်းက သိရှိသည်ဖြစ်စေ၊ ခရီးသွားပြည်သူတို့က သိရှိသည်ဖြစ်စေ ရဲစခန်းသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (ရုံးချုပ်) မှ သိရသည်။
YBS ယာဉ်များ သွားလာမှုကို GPS ဖြင့် ယာဉ်လိုင်းကုမ္ပဏီများက စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ကား အတွင်းလှုပ်ရှားမှုနှင့် ကားအပြင်လှုပ်ရှား မှု သိရှိရန် လုံခြုံရေးကင်မရာများ တပ်ဆင်ထားခြင်းဖြစ်၍ ယာဉ်မောင်းက ခါးပိုက်နှိုက်နေမှုကို သိရှိနိုင်ခြင်း၊ မသိရှိခြင်းရှိမည်ဖြစ်ရာ ခရီးသည်က ခါးပိုက်နှိုက်ကြောင်း ပြောဆိုပါက ရဲစခန်းကို တိုက်ရိုက်မောင်းနှင်ရမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့မှ လုံခြုံရေးကင်မရာ မှတ်တမ်းကို တောင်းခံပါက အချိန်မရွေး ပေးအပ်နိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“ ကျွန်တော်တို့က ခါးပိုက်နှိုက်ကို ဖမ်းနိုင်တဲ့ စွမ်းအားမရှိပါဘူး။ ဒါကြောင့် ပြည်သူလူထုက ခါးပိုက်နှိုက်ခံရတယ်၊ ကားပေါ်မှာပါတယ်လို့ တိုင်ကြားရင် ရဲစခန်းကို မောင်းရမယ်။ ရဲစခန်းက ဖော်ထုတ်လို့ အထောက်အထား လိုအပ်ရင် လုံခြုံရေးကင်မရာ မှတ်တမ်းကို ပေးရမယ်။ ဒါတွေကို လုပ်နေပါတယ်။ ဒီလိုင်းမှာ ဆိုးရွားနေတယ်ဆိုတဲ့ တင်ပြမှု တွေရရင် YRTA က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို အကူအညီ တောင်းတဲ့အတွက် အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခါးပိုက်နှိုက်တွေကို ဖမ်းဆီးမှု လုပ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း ကူညီနေပါတယ်”ဟု YRTA မှ တွဲဖက်အတွင်းရေမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်း ပေါင်း ၁၀ဝ ကျော် ပြေးဆွဲပေးလျက် ရှိပြီး ခရီးသွားပြည်သူအများဆုံး ခါးပိုက်နှိုက်မှု ကြုံရသော ယာဉ်လိုင်းများမှာ လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံတောင်မြို့နယ်နှင့် မှော်ဘီ-တိုက်ကြီး - ဥက္ကံသို့ ပြေးဆွဲသော ယာဉ်လိုင်းများ၌ အများဆုံးကြုံတွေ့ ရလေ့ရှိကြောင်း သိရသည်။ “ကားပေါ် မှာ ခါးပိုက်နှိုက်တာကို ကျွန်တော်တို့သိလည်း မပြောရဲဘူး။ သူတို့က အုပ်စုနဲ့ သူ့နယ်မြေနဲ့သူ လှုပ်ရှားကြတာ။ ကျွန်တော်တို့က နေ့တိုင်းသွားလာ နေတော့ အန္တရာယ်ရှိနိုင်တယ်။ သိလို့ ရဲစခန်းကို မောင်းနှင်ရင်လည်း ကားပေါ်ပါလာတဲ့ ပြည်သူအားလုံး တက်ညီ လက်ညီရှိဖို့တော့ လိုမယ်။ လုံခြုံရေး ကင်မရာ တပ်ဆင်ထားတာကြောင့် ဖြစ်ပွားလာရင် ရဲတပ်ဖွဲ့ကို အကူအညီ ပေးဖို့ အဆင်သင့်ပါ” ဟု လှိုင်သာယာ သို့ ပြေးဆွဲနေသာ YBS ယာဉ်မောင်း ကိုအောင်မျိုးသန့်က ပြောသည်။
၁၆၄


