၂၀ သြဂုတ်
YBS ယာဉ်မောင်းများအတွက် ယာဉ်လိုက်ခွင့်ကတ် (Smart Card) ၉၀၀၀ ခန့် ထုတ်ပေးထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောသည်။
YBS ယာဉ်မောင်းများအတွက် ယာဉ်လိုက်ခွင့်ကတ် (Smart Card)ကို ထုတ်ပေးရန် YRTA သို့ တင်ပြထား သည့် ယာဉ်မောင်း ၈၉၃၃ ဦးအတွက် ထုတ်ပေးထားပြီး ယင်းထုတ်ပေးထားသည့် ယာဥ်မောင်းများအနက် အမျိုးသမီးယာဥ်မောင်းများလည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့ YBS ယာဉ်မောင်းများအတွက် ယာဉ်လိုက်ခွင့်ကတ် (Smart Card)များကို ထုတ်ပေးထားပြီး YRTA ရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှလည်း ယင်း Smart Card ပါဝင်မှု ရှိ မရှိ ကို စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ခရီးသည်များအနေဖြင့်လည်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များ တွေ့ရှိပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ Viber ဖုန်းနံပါတ်များဖြစ်သော ၀၉ ၄၄၈၁၄၇၁၄၉၊ ၀၉ ၄၄၈၁၄၇၁၅၃၊ ၀၉ ၄၄၈၁၄၇၁၅၄ တို့ကို ဗွီဒီယို၊ ဓာတ်ပုံ အချက်အလက်များ ပေးပို့၍ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
အဆိုပါ Smart Card တွင် YBS ယာဉ်မောင်း၏ အချက်အလက်များ ပါဝင်သည့်အတွက် YBS ယာဉ်လိုင်းများ၌ မောင်းနှင်သည့် မည်သည့်ယာဉ်မောင်းမဆို ၎င်းတို့၏ အချက်အလက်များ YRTA တွင်ရှိကြောင်း၊ ထိုသို့ YRTA တွင် အချက်အလက်များရှိခြင်းအားဖြင့် ယာဉ်မောင်းများနှင့်ပတ်သက်၍ တိုင်ကြားသည့်ကိစ္စများ၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းများကို ထုတ်ပယ်သည့်ကိစ္စရပ်များကို စီစစ်ဆောင်ရွက်သည့်အခါ ပိုမိုလွယ်ကူမြန်ဆန်လာမည်ဖြစ်သည်။
ထိုသို့ Smart Card စနစ်ကို စီစဉ်ဆောင်ရွက်ခြင်းဖြင့် YRTA မှလည်း ယာဉ်မောင်းများနှင့် ထိတွေ့နိုင်မည်ဖြစ်ပြီး ယာဉ်မောင်းတစ်ဦးသည် မည်သည့်ကုမ္ပဏီတွင် မောင်းနှင်ခဲ့ခြင်းနှင့် မည်သည့်ကုမ္ပဏီသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်းတို့အပြင် ၎င်းတို့ အလုပ်လုပ်သည့် သက်တမ်းများကိုပါ လွယ်လင့်တကူ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ YBS ယာဉ်လိုင်းနံပါတ် ၁၀၀ ရှိသော်လည်း နံပါတ်တူပြီး လမ်းကြောင်းမတူသော ယာဉ်လိုင်းများရှိသောကြောင့် အမှန်တကယ်ပြေးဆွဲယာဥ်လိုင်းမှာ ၁၁၇ လိုင်း ရှိကြောင်း၊ ထို့ပြင် Airport Shuttle Bus နှင့် City Transit မြို့ပတ်လိုင်းတို့လည်းရှိပြီး လမ်းကြောင်းအားဖြင့် ၁၃၅ လမ်းကြောင်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ဝန်းကျင်ခန့် ပြေးဆွဲ၍ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။
Nyein Nyein