ရန်ကုန် ဇွန် ၁၄
ယခင်က အမျိုးသားများသာလုပ်ကိုင်ခဲ့သော သင်္ဘောနှင့်ပတ်သက်သည့် အလုပ်အကိုင်ကို
ယခု နောက်ပိုင်းကာလ၌ အမျိုးသမီးများ စိတ်ဝင်စားမှုများလာကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)၏ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင် က ပြောသည်။
မြန်မာအမျိုးသမီးသင်္ဘောသားများသည် သင်္ဘောပေါ်၌ စားသောက်ဆိုင်၊ စားဖိုဆောင်နှင့် အခန်းတွင်း သန့်ရှင်းရေး လုပ်ငန်းများတွင် လုပ်ကိုင်မှုများပြားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"ပြည်ပကိုထွက်ဖို့ သာမန်အခြေခံလူတန်းစားအများစုက နိုင်ငံခြားကျောင်းတက်ဖို့ ငွေကြေး ပမာဏကို တတ်နိုင်ခြင်းမရှိဘူး။ အဲဒီတော့ အခြေခံအလုပ်သမားအဖြစ်ပဲ ထွက်ကြတယ်။ အဲဒီလို ထွက်နေရာမှ သင်္ဘောသားဘက်ကို အများကြီးခြေဦးလှည့်လာတာ တွေ့ရတယ်။ အမျိုးသမီးတွေ အနေနဲ့ကတော့ ခရီးသည်တင်သင်္ဘောတွေမှာ လိုက်ကြတာပေါ့။ အဲဒီအတွက် အခွင့်အလမ်းက အပွင့်ဆိုတော့ ဒီဘက်တိုးကြတာပါပဲ။ အမျိုးသမီးတွေအနေနဲ့ သင်္ဘောလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့စိတ်ဝင်စားမှုရှိလာတယ်"ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ သင်္ဘောသားနှင့် ပတ်သက်ပြီး သင်တန်းတက်၍ Passport ရရှိပြီး သွားရောက်လုပ်ကိုင်သူ အမျိုးသမီးသင်္ဘောသား ၇၀၀ ခန့်ရှိကြောင်းလည်း ပြောကြားသည်။
"၈၈ နောက်ပိုင်းမှာ နိုင်ငံကူးလက်မှတ်များ လူတိုင်းနီးပါးလျောက်လို့ရတဲ့ အချိန်ကတည်းက ပင်လယ်ကူးခရီးသည်တင် သင်္ဘောတွေပေါ်ကို သွားရောက်လုပ်ကိုင်ကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက Passport က ဟိုတယ်ဝန်ထမ်းအနေနဲ့သွားတော့ သင်္ဘောသားအနေနဲ့ သွားတာပေါ့။ သို့သော် ၂၀၀၆ ခုမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ပင်လယ်ပြင်လုပ်သားနဲ့ ပတ်သက်တဲ့ပြဌာန်း ချက်တစ်ခုကို ပြဌာန်းလိုက်ရာမှာပါလာတာက သင်္ဘောမှာ အလုပ်လုပ်နေတဲ့ မည်သူမဆို သင်္ဘောသားဖြစ်ရမယ်ဆိုတဲ့ ဖော်ပြချက်ပါလာတယ်။ ခရီးတင်သင်္ဘော ဟိုတယ် အောက်မှာသွားလုပ်တဲ့ ဝန်ထမ်းကလည်း သင်္ဘောသားဖြစ်သွားတဲ့သဘောပေါ့။ အဲဒီလိုဖြစ်သွား တဲ့အခါ ကျွန်တော်တို့ဘက်က စဉ်းစားတာက အရင်တုန်းက ဟိုတယ် staff အနေနဲ့ သွားတုန်းက ပြဿနာမရှိဘူး။ စားပွဲထိုးမယ်၊ အိပ်ရာသိမ်းမယ်၊ သန့်ရှင်းရေးလုပ်မယ်၊ ဧည့်ကြိုမယ် အဆင်ပြေတယ်။ သို့သော် သင်္ဘောသားဖြစ်လာမယ်ဆိုတဲ့အခါ သင်္ဘောသတ်မှတ်ချက်တွေရှိတယ်။ အဲဒါမျိုးဖြစ်လာဖို့က သင်္ဘောမှတ်ပုံတင်လည်း ရှိလာရမှာပေါ့။ အမျိုးသမီးတွေက သင်္ဘောသားနဲ့ ပတ်သက်တဲ့ သင်တန်းတွေ အကုန်တက်ရမယ်၊ အဲဒါမှ သင်္ဘောသားမှတ်ပုံတင်ရမယ်။ ရပြီးသွားမှ Passport လျှောက်မယ်၊ သင်္ဘောသား passport လျှောက်တဲ့သဘောဖြစ်သွားတာပေါ့။ ခုချိန်ထိက အမျိုးသမီး ၇၀၀ လောက်က အဲဒါမျိုးရပြီးသွားပြီပေါ့” ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)၏ ဥက္ကဋ္ဌက ပြောသည်။
MT


