ဘားအံ ဇွန် ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောင်ရှိ မြို့နယ်များတွင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်း ၈ ကြိမ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ယခုဘဏ္ဍာနှစ်မှာတော့ သင်တန်းကို ၈ ကြိမ် လျာထားပြီး ဖွင့်လှစ်ပေးသွားမှာပါ။ အခုလိုမျိုး သင်တန်းတွေ သင်ကြားပေးတာကြောင့် မိသားစု အိုးမကွာ အိမ်မကွာ နေနိုင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်လာနိုင်မှာပါ။ ပြည်သူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိပြီး ထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချနိုင်ကာ ဝင်ငွေတွေလည်း တိုးတက်လာမှာပါ။ သင်တန်းတွေကိုတော့ ဌာနကနေပြီးပေးတဲ့ သင်တန်းတွေရှိသလို မိတ်ဖက်ဌာနတွေနဲ့ ဖွင့်လှစ်တာလည်း ရှိပါတယ်” ဟု ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါ သင်တန်းမှာ လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိန်းရေးသင်တန်း၊ လျှပ်စစ်သံဂဟေဆက်သင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းနည်းသင်တန်း၊ အခြေခံ မော်တာအပ်ချုပ်စက် သင်တန်းများဖြစ်ကြောင်း သိရသည်။

ကိုသက်