ဒီးမော့ဆို    ၂၆     ဇူလိုင်    


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ဆည်/ မြောင်း/ တမံအတွင်း ရေဝင်ရောက်မှု နည်းပါးသောကြောင့် ငွေတောင်ဆည်မှ ပေးဝေသော စိုက်ပျိုးရေကို ရေလှည့်စနစ်ဖြင့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၃၁ ရက်ထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

1


ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်အတွင်း ရေဝင်ရောက်မှုနည်းပါးသဖြင့် စိုက်ပျိုးရေကို အလေအလွင့် မရှိ၊ အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

2


ငွေတောင်ဆည်မှ ရေလှည့်စနစ်ဖြင့် ပေးဝေရာတွင် မြောင်းရင်းမှ မိုင်နာ ၁၄ ထိ တစ်ပိုင်း၊ မြောင်းမ မိုင်နာ ၁၅ မှ မြောင်းမမိုင်နာ ၂၀ ထိ တစ်ပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ရေပေးဝေမည့်ရက်များကို သတ်မှတ်ထားပြီး တောင်သူများအနေနှင့် မိမိတို့၏ ရေလှည့်တွင်သာ ရေရယူကြရန် အသိပေးဆောင်ရွက်လျက်ရှိသည်။

 

3


ဒီးမော့ဆိုမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးစပါး ၃၄၅၆၅ ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး တောင်သူများ မိုးစပါးစိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှု နည်းပါးသည့်အတွက် လယ်အတွင်း ရေရရှိမှု မရှိခြင်းကြောင့် မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)

 

4