၂ ဇွန်

မိုးခေါင်ရေရှားသည့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များတွင် တောင်သူများအနေဖြင့် ပဲသီးနှံမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဝါသီးနှံ အပါအဝင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် စိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ဧက ၁၈၇၀ဝ၀ ကျော် စတင်စိုက်ပျိုးနေပြီဖြစ်သည်။ တောင်သူများ ဝါသီးနှံစိုက်ပျိုးသည့်အတွက်ထွက်ရှိသည့်အချိန်တွင် ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အပြင် အရည်အသွေးမီ ချည်ထည်များထုတ်လုပ်နိုင်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်သည်။

 

4444

 

မကွေးတိုင်းဒေသကြီးတွင် မင်းဘူး၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ သရက်၊ ဆိပ်ဖြူ၊ နတ်မောက် ၊ မြို့သစ် စသည့်မြို့နယ်များတွင် ဝါသီးနှံစိုက်ပျိုးမှုအဖြစ်  ချည်မျှင်ရှည်ဝါ၊ ငွေချည်(၆၊ ၉)၊ ရွှေတောင်(၈)နှင့် မလှိုင်ဝါ စသည့် ဝါသီးနှံများကို ယခုဘဏ္ဍာနှစ်အတွင်း ဧက ၁၈၇၀ဝ၀ ကျော် စီးပွားဖြစ်စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဦးခင်မောင်ဝင်း က ပြောသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေရရှိမှု မမှန်ခြင်းအတွက် ပဲစင်းငုံသီးနှံမှာ ထွက်ရှိမှုနည်းပါးခြင်း၊ ဈေးတည်ငြိမ်မှု မရှိသဖြင့် တောင်သူများ၏ စိုက်ပျိုးစရိတ် မကာမိသည့်အတွက် ဝါသီးနှံကို အစားထိုး စိုက်ပျိုးလာကြသည်။ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဝါးသီးနှံမျိုးကောင်းမျိုးသန့်ရရှိရေး စီမံကိန်းဧကများရှိ တောင်သူများအတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုခြံများနှင့်ချိတ်ဆက်ပေးခြင်း၊ တောင်သူများ လက်ဝယ်အရောက် သယ်ယူပို့ဆောင်ပေးခြင်း၊ ဝါသီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းပေးခြင်းနှင့် ဈေးကွက်ရရှိရေးနှင့်အတူ ဝါဈေးကောင်းရရှိရေး ဝယ်လက်များ နှင့် ချိတ်ဆက်ပေးခြင်း အပြင် နိုင်ငံတော်ပိုင် ဝါသီးနှံမျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြံများမှ မျိုးစေ့များနှင့် မလုံလောက်ပါက တိုင်းဒေသကြီးရှိ အကျိုးဆောင်တောင်သူများအားစည်းရုံးကာ ဝါသီးနှံမျိုးစေ့ မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းပြသည်။ ဝါးသီးနှံမှာ ရေလုံလောက်စွာ မရရှိသော်လည်း  ရှင်သန်နိုင်ခြင်း၊ သီးလုံးဖောက်ပိုးဒဏ်ခံနိုင်ပြီး၊ အထွက်နှုန်း ကောင်းမွန်ခြင်းအပြင် ဈေးကောင်းရရှိသည့်အတွက် တောင်သူများအား အကျိုးအမြတ်ဖြစ်စေသည်။ 

တောင်သူများအနေဖြင့် ဝါစိုက်ပျိုးရာတွင်  စိုက်ပျိုးမည့်မြေအား ထည်ထိုးခြင်း၊ ထွန်မွှေမြေပြင်ခြင်း၊ ပေါင်းကောက်ခြင်း၊ မြေခံဓာတ်မြေသြဇာ ၊ နွားချေးကဲ့သို့ သဘာဝမြေသြဇာထည့်ခြင်းတို့ဖြင့်ဆောင်ရွက်ရမည်ဖြစ် သည်။ ဆည်ရေရရှိပါက မိုးကြိုဝါအဖြစ် ဖေဖော်ဝါရီလတွင် လည်းကောင်း၊ မိုးရေဖြင့် စိုက်ပျိုးမည်ဆိုပါက ဇူလိုင်လ၌ လည်းကောင်း စိုက်ပျိုးနိုင်မည်ဖြစ်သည်။ စိုက်ပျိူးရာတွင် သုံးပေပတ်လည်(သို့မဟုတ်)သုံးပေ၊ နှစ်ပေ ၊ လေးကွက် ကြားပုံစံဖြင့် အတန်းလိုက်စိုက်ပျိုးသင့်ကြောင်း၊  တစ်ဧက ဝါမျိုးစေ့ ငါးပိသာခန့်သာ လိုအပ်ရာ မျိုးစေ့ကုန်ကျမှုမှာ ငွေကျပ် သုံးသောင်းမှ လေးသောင်းဝန်းကျင်သာ ကုန်ကျမည်ဖြစ်ပြီး၊ ထွန်ယက်စိုက်ပျိုးမှုနှင့် သွင်းအားစုများအတွက် ကုန်ကျမှုမှာ တစ်ဧကလျှင် ငွေကျပ်သုံးသိန်းကျော်ကုန်ကျမည်ဖြစ်သည်။ 

အပင်ဖြစ်ထွန်းရန်အတွက် သာမန်ပြုစု ပေးရုံသာ လိုအပ်မှာဖြစ်ပြီး၊ တောင်သူများ၏ မြေအမျိုးအစားနှင့် သွင်းအားစု ထည့်သွင်းမှုအပေါ်မူတည်ပြီး အနည်းဆုံးတစ်ဧက ပိသာချိန် ၅၀ဝမှ ၁၀ဝ၀ - ၁၂၀ဝအထိ ထွက်ရှိနိုင်ကြောင်းသိရသည်။ အချိန်ကာလ ငါးလခန့် အကြာတွင် ဝါထွက်ရှိမည်ရာ သုံးကြိမ်နီးပါး ဆွတ်ခူးကောက်ယူနိုင်မည်ဖြစ်သည်။ ဝါတစ်ပိသာလျှင် ငွေကျပ် ၁၄၀ဝခန့်ဈေးရှိသဖြင့် အနည်းဆုံး ငွေကျပ် ခုနှစ်သိန်း မှ ၁၆သိန်းခန့် အထိ ဝင်ငွေရရှိမည်ဖြစ်သည်။ ထွက်ရှိလာ သည့် ဝါများကို ပြည်ပဈေးကွက်များအပြင် ပြည်တွင်း၌လည်း ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။

“  ထွက်ရှိတဲ့ ဝါတွေကို ကြိတ်ဖတ်ပြီး၊ အဆင့်မြင့်တဲ့ ချည်ငင်စက်တွေရှိမယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ ယက်ကန်းစက်တွေအတွက် ချည်ကောင်းကောင်းရမယ်၊ တစ်နည်းအားဖြင့် ပြည်ပမှ မှာယွင်းတင်သွင်းမှု လျှော့ချနိုင် မှာဖြစ်ပါတယ်။ တစ်ဖက်တစ်လမ်းက နိုင်ငံခြား သွင်းကုန်အစားထိုးနိုင်မှု ဖြစ်တာပေါ့။ အဆင့်မြင့်တဲ့ ချည်စက်တွေကနေ ချည်ချောလုပ်နိုင်တဲ့အတွက် ပိတ်စချောတွေထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဝါကြိတ်စက်က ထွက်ရှိလာတဲ့ ဝါစေ့ တွေကို ဆီကြိတ်ပြီးတော့ ရရှိတဲ့ဆီတွေနဲ့ ကြက်သွန်ကြော်၊ မြေပဲဆံကြော် စတဲ့အကြော်တွေ ကြော်ရာမှာသုံးနိုင်ပါသေးတယ်။ ဒါ့အပြင် ဝါကြိတ်ဖတ်တွေကို သဘာဝဓာတ်မြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်တာကြောင့် တောင်သူတွေ ဝါစိုက်ပျိုးရင် အကျိုးကျေးဇူးများပါတယ်လို့ ” စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်တောင်သူများ  စိုက်ပျိုးထုတ်လုပ်အောင်မြင်မှုရရှိစေရန်  ဝါမျိုးကောင်း မျိုးသန့်မျိုးစေ့များ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဂွမ်းမွေးနှင့် ချည်အရည်အသွေးတိုင်းတာခြင်း နည်းပညာပေးသင်တန်းကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတွင်  မေလအတွင်းက  ဝါစိုက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၉၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိသည်။ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၄ရက်နေ့အထိ ဝါသီးနှံအထွက်တိုး စိုက်ပျိုးနည်းစနစ်သင်တန်းကိုလည်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတွင် ယင်းဦးစီးဌာနမှ ဝန်ထမ်း ၈၄ ဦးအား ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့သည့် အပြင် စိုက်ပျိုးမှု စနစ်တကျဖြစ်ရေးအတွက် ကွင်းဝန်ထမ်းများကလည်း တောင်သူများ၏ စိုက်ပျိုးမြေများတွင် လက်တွေ့ ကွင်းသရုပ်ပြ ဆောင်ရွက်ပေးလျက်ရှိသည်။ ၄င်းအပြင် ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးအတွက် ယခုနှစ် မတ်လ ၁၉ရက် နေ့က   မင်းဘူး(စကု)မြို့နယ်ရှိ စကု(၁) ဝါကြိတ်စက်ရုံကို  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ  မိုးခေါင်ရေရှားသည့်  မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဝါသီးနှံမျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးမှုနှင့်အတူ အောင်မြင်ဖြစ်ထွန်းကာ အကျိုးအမြတ်ရရှိပြီး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ဝေဖြိုးလေး(ပြန်/ဆက်)