ရန်ကုန် ဇွန် ၁၆

အာရှဘောလုံးအဖွဲ့ချုပ်က ပထမဆုံးကျင်းပမည့်  ၂၀၂၄-၂၀၂၅ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲတွင်    မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်  မြဝတီအမျိုးသမီးအသင်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည်  ဒေသတွင်း အမျိုးသမီးဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက်  အမျိုးသမီးကလပ်ပြိုင်ပွဲကို  အဆင့်တိုးမြှင့်ကျင်းပခြင်းဖြစ်ပြီး   နောက်ဆုံးအဆင့်နှင့်  ခြေစစ်ပွဲအဆင့်တွင်    အသင်း စုစုပေါင်း ၂၀ ကျော်အထိ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ နောက်ဆုံးအဆင့်တွင် အသင်း စုစုပေါင်း  ၁၂ သင်းဖြင့်  ကျင်းပမည်ဖြစ်ပြီး ရှစ်သင်းမှာ တိုက်ရိုက်ကစားခွင့်ရရှိကာ ကျန်လေးနေရာကို ခြေစစ်ပွဲ အောင်မြင်သည့်အသင်းများ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ ခြေစစ်ပွဲတွင် အသင်း ၁၄ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။  ယင်းပြိုင်ပွဲအတွက် မဲခွဲပွဲကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။

မြဝတီအမျိုးသမီးအသင်းသည် ၂၀၂၃ ရာသီ  မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သဖြင့်  ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။   ခြေစစ်ပွဲအဆင့်တွင် မြန်မာအသင်းအပါအဝင်  ထိုင်း၊ ဥဇဘက်ကစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဂျော်ဒန်၊ ဟောင်ကောင်၊ လာအို၊ မလေးရှား၊ နီပေါ၊ ယူအေအီး၊ စင်ကာပူ၊ ဘူတန်နှင့်ဆော်ဒီအာရေဗျ ကလပ်အသင်းများ   ယှဉ်ပြိုင်ရမည်ဖြစ်ပြီး   ဂျပန်၊  မြောက်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊  ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ) ကလပ်အသင်းများမှာ  နောက်ဆုံးအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

ခြေစစ်ပွဲများကို လေးသင်း   နှစ်အုပ်စု၊  သုံးသင်း နှစ်အုပ်စုခွဲ၍ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနေရာရ  တစ်သင်းစီ စုစုပေါင်း  လေးသင်း  ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
                                          
ရဲရင့်လွင်
ဓာတ်ပုံ-MWL