နေပြည်တော် ဖေဖော်ဝါရီ ၁၆

 

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို တပေါင်းကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့သည် ပြပွဲကျင်းပသည့် နောက်ဆုံးရက်ဖြစ်ပြီး ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် အနယ်နယ် အရပ်ရပ်မှ ဒေသခံပြည်သူများ၊ MSME လုပ်ငန်းရှင် အများအပြားသည် စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ကြည့်ရှု လေ့လာကြကာ အထူးစည်ကားလျက်ရှိသည်။

 

နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြခန်းများ အပြည့်လာရောက်လေ့လာကြသည့် ပြည်သူများကို သက်ဆိုင်ရာပြခန်းအလိုက် တာဝန်ရှိ သူများက ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍သိရှိလိုသမျှ ရှင်းလင်းဖြေကြားပေးလျက်ရှိပြီး လာရောက်လေ့လာ ဝယ်ယူသူများ များပြားသည့်အတွက် အချို့ ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းချခဲ့ ရကြောင်း ပြခန်းတာဝန်ရှိသူများထံမှ သိရသည်။

 

 

အလားတူ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် လာရောက်ဝယ်ယူကြသူများဖြင့် အထူးစည်ကား လျက်ရှိသည်။

 

 

 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ဒေသအလိုက် အစားအစာများ၊ ရိုးရာ အစားအစာများကိုလည်း တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းပြခန်းများ၌ ပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့် အတွက် ဝယ်ယူစားသုံးသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပြီး တိုင်းရင်းသား ရိုးရာအစားအစာများသည် ပြတ်လပ်သည်အထိ ရောင်းချရသည်ကို တွေ့ရသည်။

 

ပြပွဲရက်များအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းသည် ဆန်၊ ဆီ နှင့် ကုလားပဲတို့ကို နေ့စဉ်ဝေငှပေးလျက်ရှိပြီး ယနေ့တွင်လည်း ပွဲတော်လာ ပြည်သူအများအပြား စီတန်းရယူလျက်ရှိသည်ကိုလည်း တွေ့ရသည်။

 

ယနေ့သည် ပြပွဲကျင်းပသည့် နောက်ဆုံးရက်ဖြစ်သည့်အတွက် MSME လုပ်ငန်းရှင်များသည် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပ ဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ One Stop Services များရယူနိုင်ရေးတို့ကို ကြိုးပမ်းချိတ်ဆက်ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

 

ညပိုင်းတွင် ပြပွဲလာပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပြည်သူအကြိုက် တေးသီချင်းများဖြင့် မြူးကြွစွာသီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူများသည် တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက် ရှိသည်ကို တွေ့ရသည်။

 

သတင်း- သန်းမင်းအောင်၊ အောင်မင်းထွန်း

 

ဓာတ်ပုံ - ကိုအေးသန်း