ယင်းမာပင် ၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ စက်မှုလယ်ယာဦးစီးဌာ၊ အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ တန်ဖိုးမြင့်ထွန်စက်ကြီးများကို ဝယ်ယူအသုံးမပြုနိုင်သော တောင်သူများအတွက် လယ်ယာသုံး ဒေါင်ဖန်းလက်တွန်းထွန်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း စက်မှုလယ်ယာဦးစီးဌာ၊ အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိ ဦးတင်မိုးထံမှ သိရသည်။
"ကျွန်တော်တို့ ယင်းမာပင်မြို့နယ် အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ တောင်သူပညာပေး စက်များဖြင့် ထွန်ယက်ရေး သရုပ်ပြဆောင်ရွက်ပြသရခြင်းများ၊ ထွန်စက်ပြင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေသလို ထွန်းစက်အကြီးများကို ဝယ်ယူအသုံးမပြုနိုင်သည့် တောင်သူတွေအတွက် အခုလို အသေးစား ဒေါင်ဖန်းလက်တွန်းထွန်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရခြင်း ဖြစ်ပါတယ်။ ဒီထွန်စက်တွေကို ဌာနမှ တစ်ရစ်လျှင် ၅၉၅၀ဝ၀ ကျပ်နှုန်းဖြင့် သုံးရစ်အကျေဆပ်စနစ်နဲ့ ရောင်းချပေးခြင်းဖြစ်ပါတယ်" ဟု စက်မှုလယ်ယာဦးစီးဌာ၊ အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိ ဦးတင်မိုးက ပြောပြသည်။
“စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၁) စက်မှုလယ်ယာစခန်းအနေဖြင့် ထွန်စက်များကို ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်များမှ တောင်သူများကို လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်သို့ တိုးတက်ပြောင်းလဲ ဆောင်ရွက်လာနိုင်အောင် အရစ်ကျစနစ်ဖြင့် ရောင်းပေးနေဖြစ်ပါတယ်။ အခြားမြို့နယ်များမှ ဝယ်ယူလိုသည့် တောင်သူများရှိရင်လည်း ချိတ်ဆက်ရောင်းချပေးနေပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယခုအချိန်ထိ လအလိုက် ရရှိသည့် ဒေါင်ဖန်းလက်တွန်းထွန်စက် (၈၀)စီးကို တောင်သူများထံ ဆက်လက်ရောင်းချပေးလျက် ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။
သန်းဌေးအောင်(ကနီ)


