ယင်းမာပင်  ၂၀   ဩဂုတ်      

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မြို့ကြီးကျေးရွာအုပ်စုတွင် ဝက်များ ကူးစက်ရောဂါ သံသယဖြစ်ဖွယ်ဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ဝက်များ ကူးစက်ရောဂါ သံသယဖြစ်ဖွယ်ဖြင့် သေဆုံးမှုဖြစ်ပွားခဲ့သော မြို့ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ယင်းမာပင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမက်အောင်က ကြီးကြပ်၍ မြို့နယ်ရုံးဝန်ထမ်းများက တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူများအား အသိပညာပေး ဟောပြောခြင်း၊ ဝက်ခြံများအား ဇီဝလုံခြုံမှုစနစ် ကောင်းမွန်းစေရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

"မြို့ကြီးကျေးရွာနဲ့ မြေကျက်ဆူကျေးရွာ၊ ရွာသာယာကျေးရွာများမှ ဝက်များကူးစက်ရောဂါ သံသယဖြစ်ဖွယ်ဖြင့် သေဆုံးမှုဖြစ်ပွားခဲ့တဲ့ ဝက်တွေရဲ့ ရောဂါနဲ့ပတ်သက်လို့ ဓာတ်ခွဲခန်းပို့ဖို နမှုနာပစ္စည်းများကို ကွင်းဆင်းရယူ၍ ဓာတ်ခွဲခန်းပို့တာတွေဆောင်ရွက်ပြီး  ဝက်မွေးမြူရေး လုပ်ကိုင်သူများကို ကူးစက်ရောဂါနဲ့ ပတ်သက်လို့ ထိန်းချုပ်ပုံ၊ ထိန်းချုပ်နည်းများကို ဝက်မွေးမြူသူများကို ပညာပေးဟောပြောပွဲလုပ်ငန်းတွေ လုပ်ခဲ့တယ်၊ နောက်ကူးစက်ရောဂါနဲ့ ပတ်သက်လို့ အသိပညာပေး စာစောင်တွေ ဖြန့်ဝေပေးတယ်၊ ဝက်ခြံများကိုလည်း ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့တယ်၊ ဝက်များမှာ အဓိကကြောက်စရာကောင်းတာကတော့ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါ၊ ဝက်ပလိပ်ရောဂါများကတော့ ဝက်များမှာ အတော်ကြောက်စရာကောင်းတဲ့ ရောဂါတွေဖြစ်ပါတယ်။ ဝက်မွေးမြူသူတွေအနေဖြင့် ဆေးကုတာတွေ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်တာတွေ ဘယ်လိုလုပ်ရမလဲ ကိုယ့်ရဲ့ဝက်မွေးမြူရေးခြံမှာ ဇီ၀လုံခြုံမှုစနစ်ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ အသိပညာပေး ဝေငှဆောင်ရွက်ခဲ့ပါတယ်။ ဝက်မွေးမြူသူတောင်သူတွေကို ဝက်များသံသယဖြစ်ဖွယ် ကူးစက်ရောဂါနဲ့ သေဆုံးတဲ့အခါမှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို  အချိန်နဲ့တစ်ပြေးညီ သတင်းပို့ပြီးတော့ ကူးစက်ရောဂါ သံသယဖြစ်ဖွယ်နဲ့သေဆုံးတဲ့ ဝက်တွေကို ပစ်မထားပဲနဲ့ ၆ ပေအတွင်းလောက်စုပြီးတော့ မြေမြှုပ်ဖို့ ကျေးရွာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်'' ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအောင်က ပြောသည်။

 

အဆိုပါ ကျေးရွာများရှိဝက်များမှာ ဩဂုတ်လ ဒုတိယပတ်တွင် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

သန်းဌေးအောင်(ကနီ)