ရန်ကုန် မတ် ၂၃
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့တွင် နံနက်ပိုင်းမြူနှင်းများကျခြင်း၊ အပူလှိုင်းပြင်းထန်ခြင်းနှင့် ရုတ်တရက်မိုးရွာသွန်းခြင်းတို့ကို ကြုံတွေ့ရလျက်ရှိပြီး လူသားများအတွက် ရေဓာတ်နှင့် နေ့စဉ်အသုံးပြုရန် ရေမှာ အရေးပါလျက်ရှိရာ အိမ်ထောင်စုများ စုဝေးနေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်အိမ်ရာ ဘလောက်(စီ)တွင် လေးရက်ဆက်တိုက် သောက်သုံးရေမရ၍ ရေစည်ရောင်းသောသူများကို အမှီပြုနေရလျက်ရှိကြောင်း သိရသည်။
ယုဇနဥယျာဉ်အိမ်ရာတွင် အေဘလောက်၊ ဘီဘလောက်နှင့် စီဘလောက်ဟူ၍ အိမ် ရာများ ခွဲခြားထားပြီး စီဘလောက်၌ တစ်လမ်းမှ ၁၅ လမ်းအထိရှိကာ တစ်လမ်းတွင် မျက်နှာချင်းဆိုင်နေထိုင်သည့် တိုက်တစ်လုံး၌ အခန်း ၂၀ စီဖြင့် တိုက်အလုံးပေါင်း ရှစ်လုံး ဖြင့် အခန်းပေါင်း ၁၆၀ တွင် ပြည်သူနှင့်နိုင်ငံ့ဝန်ထမ်းများ နေထိုင်လျက်ရှိသည်။ တိုက်ခန်း နေပြည်သူများအနေဖြင့် ရေသုံးစွဲမှုအတွက် လစဉ် ဝန်ဆောင်ခပေးဆောင်ကြလျက်ရှိပြီး ရေကို တစ်ရက်ခြားပေးပို့လျက်ရှိရာ စီဘလောက်တွင် မတ်လ (၁၇) ရက်မှစ၍ (၂၃) ရက်အထိ မီးဖိုချောင်သုံးရေအနည်းငယ်သာ ရကြသောကြောင့် နွေရာသီအပူလှိုင်းကို ဖြတ်ကျော်ချိန်၌ ရေပုံမှန်မရသည့်အတွက် သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် ဝန်ထမ်းများ အခက်အခဲကြုံတွေ့နေရလျက်ရှိသည်။
“ ကျွန်မတို့စီဘလောက်က အခြားဘလောက်တွေထက် လူမများတဲ့အတွက် ရေလွှတ်ရင် အပြည့်အဝရမှာပါ။ ဒီလဆန်းပိုင်းမှာရေရပါသေးတယ်။ တတိယပတ်ကစပြီး ဒီနေ့အထိ ရေမရကြလို့ရေတစ်စဉ်ကျပ် ၃၀၀၀ ဝယ်သုံးနေရတယ်။ အခုလိုပူအိုက်တဲ့ရာသီ မှာ မိသားစုနှစ်ဦးတည်းရှိတဲ့သူလည်း ရေတစ်စည်ဟာ တစ်ရက်ပဲခံတယ်။ မိသားစုများရင် ပိုပြီးရေဝယ်နေရတယ်။ တစ်ရက်ကိုကျပ် ၆၀၀၀ မီးဖိုချောင်စရိတ်ထဲကထွက်သွားတယ်။ ဒါဟာကျွန်မတစ်ဦးတည်းမဟုတ်ဘူး မျက်နှာချင်းဆိုင်က ဝန်ထမ်းအိမ်ခန်းတွေလည်း ဝယ် သုံးနေကြရတာ။ အထူးသဖြင့် လျှပ်စစ်မီးလာချိန်အပြည့်အဝပို့လွှတ်မယ်ဆိုရင် အားလုံး ရေရကြမှာအမှန်ပဲ။ ဒီလမှာဒီလိုပုံစံဆိုရင် ဧပြီဆိုရင်ပိုဆိုးသွားမယ်ထင်တယ်။ ရေစည်သမားတွေအလုပ်ဖြစ်ပေမယ့် အိမ်ရှင်မတွေ အဆင်မပြေတာတော့အမှန်ပဲ” ဟု စီဘလောက် ၁၂ လမ်းနေသူ အိမ်ရှင်မတစ်ဦးက ပြောသည်။
စီဘလောက်သို့ တစ်ရက်ခြား ရေပေးဝေရာတွင် ည ၁၂ နာရီ၊ ၁ နာရီမှသာ ရေပို့ လွှတ်လေ့ရှိပြီး မတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ နံနက် ၂ နာရီကျော်၊ ၄ နာရီမှသာ ရေအနည်းငယ်ရရှိကာ သုံးလွှာမှငါးလွှာအထိ နေထိုင်သူများရေတင်၍မရကြောင်း၊ ရေပေးသော နေ့သည် ည ၉ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးလာချိန်ဖြစ်ပြီး နံနက် ၁၂ နာရီကျော်မှ ပေးလေ့ရှိရာ သက်ကြီးရွယ်အိုများနှင့် ဝန်ထမ်းများ အိပ်ရေးပျက်ခြင်းကို တစ်ရက်ခြား ကြုံတွေ့နေရလျက်ရှိကြောင်း၊ တစ်ရက်ခြား ရေပေးဝေသောနေ့ ည ၉ နာရီမတိုင်မီတွင် မြေညီထပ်များ ရေမော်တာတင်ရန်မလိုပဲ ရေအလိုအလျောက်ဝင်ရောက်သည့်အတွက် ယုဇနဥယျာဉ် အိမ်ရာတွင် မြေညီထပ်နေထိုင်သူများ သောက်သုံးရေအခက်အခဲမရှိ အဆင် ပြေသူများ လည်းရှိကြောင်း၊ ည ၁၂ နာရီကျော်မှသာ ရေပို့လွှတ်ခြင်းထက် ညနေပိုင်း ဖြစ်စေ၊ နံနက် ပိုင်းဖြစ်စေ ရေပို့လွှတ်နိုင်ပါက ဝန်ထမ်းနှင့်ပြည်သူ ရေရှိမှုအဆင်ပြေစေ မည်ဖြစ်ပြီး ရေပို့ လွှတ်ချိန်တွင် အပြည့်အဝရေပေးဝေနိုင်ပါက ရေစည်ဝယ်ယူမှုကုန်ကျငွေကို ချွေတာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆိပ်ကမ်းသား