၂၆ နိုဝင်ဘာ
မြန်မာနိုင်ငံ၏ CoVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးသို့ Medical Vehicle (၁)စီးနှင့် Ventilator (၁)လုံး ပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ကူမင်းမြို့၊ ကောင်စစ်ပရိဝုဏ်ရှိ ကောင်စစ်ဝန်ချုပ်ရုံးများ ဝန်ဆောင်မှုဌာန၌ နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့ရာ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကိုယ်စား ယူနန်ပြည်နယ် ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ဥက္ကဌဖြစ်သူ Mme. Pu Hong က လွှဲပြောင်းပေးအပ်ပြီး ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူသည်။
လွှဲပြောင်းလက်ခံမှု အခမ်းအနားတွင် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း ဥက္ကဌ Mme. Pu Hong က လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယနေ့လှူဒါန်းသည့် Medical Venicle မှာ ယွမ် ၃၆၅၀၀၀ တန်ဖိုးရှိပြီး Ventilator မှာ ယွမ် ၄၅၀၀၀ တန်ဖိုးရှိကာ လှူဒါန်းမှု တန်ဖိုးမှာ စုစုပေါင်း ၄၁၀၀၀၀ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Medical Vehicle နှင့် Ventilator တို့အား မူဆယ်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်းလမ်းဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


