နေပြည်တော် နိုဝင်ဘာ ၂၄
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်သော သွင်းအားစုများကို စိုက်ပျိုးရာသီ အချိန်မီ ရရှိရေး၊ အရည်အသွေး ပြည့်မီစွာဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့်ညှိနှိုင်းပြီး သွင်းအားစုရည်ညွှန်းဈေးနှုန်းများကို ပုံမှန်ထုတ်ပြန်ပေးပြီး ရန်ကုန်အထိုင်ဈေးနှုန်း၊ ပုံမှန်ရောင်းဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ ဆောင်းရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများအတွက် ယူရီးယား (အလုံးသေး) ၅၀ ကီလို တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ (အလုံးကြီး) ၅၀ ကီလို တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ကွန်ပေါင်း ၅၀ ကီလို တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် ရည်ညွှန်း ဈေးနှုန်းများကို ထုတ်ပြန်ပေးထားကြောင်း။
အမှန်တကယ် တင်သွင်းရန် လိုအပ်သည့် တန်ချိန်ပမာဏကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်း အာမခံချက်ရှိရန်၊ ဈေးနှုန်း မှန်ကန်သက်သာရန်၊ လိုအပ်သည့် နည်းပညာနှင့် ဝန်ဆောင်မှု (Service) များပေးရန် စသည့်ယှဉ်ပြိုင်မှုရှိရန် လိုအပ်ကြောင်း၊ လုပ်သာကိုင်သာရှိပြီး လုပ်ငန်းရှင်နှင့် တောင်သူနှစ်ဖက်အကျိုးရှိသည့် အခြေအနေမျိုး ဖန်တီးပေးရန် လိုအပ်ကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှု သက်သာပြီး သွင်းကုန်အစားထိုးနိုင်မည့် အလုပ်အကိုင် ဖန်တီးပေးနိုင်သည့် တင်သွင်းထုတ်လုပ်မှုမျိုးကို စဉ်းစားသင့်ပါကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှုကိုလည်း မြှင့်တင်အားပေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ဦးဆောင်ကော်မတီ အတွင်းရေးမှူးတို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက ဦးဆောင်ကော်မတီ၏ စိစစ်ထောက် ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူး ရောင်းချပြီးစီးမှုနှင့် ရောင်းချဈေးနှုန်းများကိုလည်းကောင်း၊ တက်ရောက်လာကြသော ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိလိုအပ်ချက်ဖြစ်သည့် ယူရီးယား မြေဩဇာနှင့် သွင်းအားစုများ အချိန်မီ တင်သွင်းဝယ်ယူဖြန့်ဖြူးရောင်းချရေးသည် အရေးကြီးကြောင်း၊ ဈေးလှောင်၊ ဈေးကစားခြင်းမျိုး မရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ကြီးကြပ် ဆောင်ရွက်သွားရန် လိုကြောင်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုကြောင်း သတင်း ရရှိသည်။
သတင်းစဉ်