မြစ်ကြီးနား ၂၁ ဇန်နဝါရီ
ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ကို မြစ်ကြီးနားမြို့ ၊ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ နံနက်ပိုင်းမှ ပွဲတော် ပိတ်သိမ်းချိန် ညနေ ၅ နာရီအထိ လာရောက် လေ့လာသူများ၊ ပါဝင်ဆင်နွှဲ သူများနှင့် စည်ကားများပြားလျက်ရှိသည်။

အဆိုပါ ပွဲတော်တွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှု၊ ကချင်အနုပညာရှင်များအသင်းမှ တေးသံရှင် များ၏ ဖျော်ဖြေတင်ဆက်မှု၊ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် ကျောက်ဆည် မြို့ရိုးရာ ဆင်အကအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုတို့ကို ပွဲတော်လာ ရောက်သူများက အားပေးကြည့်ရှုကြသည်။
ထို့ပြင် ပွဲတော်သို့ လာရောက်ကြသည့် ကလေးများအတွက် စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ ၊ အရုပ်ဆက်၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများနှင့် စုပေါင်းယှဉ်ပြိုင်ရသည့် ဂိမ်းကစားနည်းပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ သည်။
ပွဲတော် ဒုတိယနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာ ရွှေမြာလှဝင်းဆွေက “ကလေးကဗျာချစ်စရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ထီလာသန်းနိုင်က “အရှေ့အနောက် တောင်မြောက်ဘယ်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော ဆွေးနွေးခဲ့ပြီး စာပေစကားဝိုင်းတွင် “ခေတ်အမြင် ခေတ်အတွေး လူငယ်အရေး” ခေါင်းစဉ် ဖြင့် မောင်ရည်ကျော် (ရူပ) ၊မောင်သောမတ်စ်တူးတူး၊ မနန်းအိဖြိုးထက်၊ မခိုင်မာလွင် အေးနှင့် မဌေးဌေးလွင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မေခအောင်၊ အောင်ထွန်းလင်း ၊ စောနဒီ(မြစ်ကြီးနား)၊ မြစ်ငယ်ကျော်မော်တို့က “လူငယ်နှင့် အကျင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပွဲတော်လာရောက်သူများက စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင်ကလေးစာပေပွဲတော် (မြစ်ကြီးနား)တွင် အသိပညာပေးပြခန်း (၂၆) ခန်းပါဝင်ပြသထားပြီး မြစ်ကြီးနားCommunity Centre နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း Mobile Library ပြခန်း၊ ဘူမိဗေဒပြခန်း၊ ရုက္ခဗေဒပြခန်း၊ သတ္တဗေဒ ပြခန်း၊ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒပြခန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး/သစ်တော ရေးရာပြခန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းပြခန်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးပြခန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ မူးယစ် ဆေးဝါးအန္တရာယ်အသိပညာပေးပြခန်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအသိပညာ ပေးပြခန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အသိပညာပေးပြခန်း၊ I.E.L.T အင်္ဂလိပ်စာနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းပြခန်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်းများမှ ပြခန်း (၃)ခန်း၊ ညောင်ပင်သာ ကလေးစာကြည့်တိုက်မှ အသိပညာ ပေးပြခန်း၊ အခြေခံ ပညာကျောင်းများမှ ပြခန်း (၅) ခန်း၊ ILBC မှ အသိပညာပေးပြခန်း၊ ကွန်ပျူတာ တက္ကသိုလ် (မြစ်ကြီးနား)မှ အသိပညာပေးပြခန်း၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မှ အသိပညာပေးပြခန်း ၊ GREEN HILLS ACADEMY မှ အသိပညာပေးပြခန်း တို့မှ ပါဝင်ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ လော်ဝေါ်၊ ရဝမ်၊ လာချိဒ်၊ ဂျိန်းဖော၊ လီဆူ၊ ဇိုင်ဝါး၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာ ယဉ်ကျေးမှုပြခန်း (၁၁) ခန်း ပါဝင်ပြသထားကြောင်းသိရသည်။
ထို့အပြင် စာအုပ် ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းများမှ စာအုပ်အရောင်းဆိုင် ၅၀ ဆိုင် လာရောက်ရောင်းချကြောင်း သိရှိရပြီး ကလေးစာပေနှင့် ပတ်သက်သည့် စာအုပ်စာစောင်များ အများဆုံး ရောင်းချရကြောင်း သိရှိရသည်။

ယနေ့ကျင်းပသည့် ကလေးစာပေပွဲတော် ဒုတိယနေ့သို့ ကျောင်းသား ကျောင်းသူများအပါအဝင် ပြည်သူ ၆၀ဝ၀ဝ ကျော် လာရောက်လေ့လာခဲ့ပြီး ပွဲတော် ပထမနေ့က ကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူ ၅၀ဝ၀ဝ ကျော် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို နိုင်ငံ၏ အနာဂတ်မှာ ခေါင်းဆောင်များ ဖြစ်လာကြမည့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီလိုစိတ်များ ရင့်သန်စေရန်နှင့် နှုတ်မှုရေးရာ ပြောဆိုနိ်ုင် သည့် စွမ်းရည်များ မြင့်မားလာစေရန်၊ ကလေးများ စာပေနှင့် ထိတွေ့ရင်းနှီးမှု ရပြီး စာဖတ် ဝါသနာပါလာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ယနေ့ကလေးစာပေပွဲတော်သို့ လာရောက်သည့် ကျောင်းသား ကျောင်းသူများ အား ကချင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီး ဌာန၊ လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်ကြီးနား ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ ရေသန့် နှင့် မုန့်များ၊ Nestle မှ နို့အေးများ ကို ပွဲတော်လာ ကလေးများအား စတုဒီသာအဖြစ် လှူဒါန်းဝေငှခဲ့ကြောင်း သိရသည်။
အောင်မင်းဟန်
ဓာတ်ပုံ- ထိန်နန်နော်