နေပြည်တော်  ၂၂  ဇန်နဝါရီ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြပြီး နေပြည်တော်သို့ ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ ဒုတိယစစ်သံမှူး Lieutenant Colonel Latsamy KEOMIXAY  နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် Admiral Luechai Ruddit အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်မှု အခြေအနေ၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ရေးကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ အာဆီယံတပ်မတော်များမှ ရေတပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်ရေးနှင့် အတွေ့အကြုံများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်