ဝေါ ၂၈ နိုဝင်ဘာ
ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာ အခြေစိုက် ပါရမီရှင် လူမူကူညီရေးအဖွဲ့က ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၁၇/၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ညောင်ခါးရှည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပါရမီရှင် လူမူကူညီရေးအဖွဲ့မှ ဆရာဦးမျိုးကအဖွဲ့၏ လုပ်ငန်းစဉ်များနှင့် ပညာရည်ချွန်ဆု ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော တစ်ဘာသာ ဂုဏ်ထူးရှင် (၂၇) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂) ဦး စုစုပေါင်း (၂၉) ဦးအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြရာ ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆုပေးပွဲအခမ်းအနားသို့ညောင်ခါးရှည်နယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်ထွန်းအောင်၊ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာဘုန်းဇော်မိုးဥဿာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ဆုရကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)