ကလျာမိုးမြင့်
ပြီးခဲ့တဲ့စက်တင်ဘာလ နှောင်းပိုင်းက ဘရာဇီးနိုင်ငံရဲ့ ကမ်းခြေတစ်ခုမှာ ပင်ဂွင်းငှက်အသေတစ်ကောင် မျောပါရောက်ရှိလာခဲ့ပါတယ်။ တောင်အမေရိကမှာကျင်လည် ကျက်စားတဲ့ ပင်ဂွင်းငှက် သေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို ဘယ်သူကမှ မသိခဲ့ကြပါဘူး။ ဟိုးယခင်တုန်းကတော့ ပင်ဂွင်းငှက်တွေ စားကျက်နေရာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ အချိန်အတောအတွင်းမှာ အာဟာရချို့တဲ့ခြင်းနဲ့ ခြေကုန်လက်ပန်းကျခြင်းတွေဟာ ၎င်းတို့ကို သေဆုံးစေတဲ့အကြောင်းရင်းတွေ ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ယခုတွေ့ရတဲ့ ပင်ဂွင်းငှက်ရဲ့ သေဆုံးမှုကတော့ အဲဒီအကြောင်းရင်းတွေနဲ့ မသက်ဆိုင်တော့ပါဘူး။ ဒေသဆိုင်ရာ ဇီဝကျွမ်းကျင်ပညာရှင်တွေက ကမ်းခြေပေါ်တင်နေတဲ့ ပင်ဂွင်းငှက်အသေကောင်ရဲ့ အစာအိမ်ထဲမှာ အနက်ရောင် N95 နှာခေါင်းစည်းတစ်ခုကို တွေ့ခဲ့ပါတယ်။
စွန့်ပစ်နှာခေါင်းစည်းတွေ စုပုံလာ
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားခဲ့တဲ့ မတ်လလယ်လောက်ကတည်းကစပြီး ကမ္ဘာ့နိုင်ငံပေါင်းများစွာက ၎င်းတို့ရဲ့ ပြည်သူတွေကို လူစုလူဝေးတွေ မပြုလုပ်ကြဖို့နဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ မျက်နှာကို အကာအကွယ် နှာခေါင်းစည်းတွေ တပ်ဆင်ထားကြဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုနဲ့ နိုင်ငံနဲ့ဒေသပေါင်း များစွာမှာ ရောဂါကူးစက်မှုကနေ ကာကွယ်ဖို့ နှာခေါင်းစည်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလို တစ်ဆက်တည်းမှာပဲ အသုံးပြုပြီးသား နှာခေါင်းစည်းတွေကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေ တောင်ပုံယာပုံဖြစ်လာခဲ့တာ ယနေ့အထိပါပဲ။
အများအပြားကျန်ရှိနေ
ဗြိတိန်မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ လာရောက်ရာ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဟာဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက ကမ်းခြေရှင်းလင်းရေး လုပ်ခဲ့စဉ်အတွင်း နှာခေါင်းစည်းအခုရေ တစ်ရာလောက် ရေထဲကနေ ဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းစာမှာ ဖော်ပြထားပါတယ်။
စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့က နှာခေါင်းစည်းတွေကို တွေ့တဲ့အခါတိုင်း ဖယ်ရှားရှင်းလင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း ကမ်းခြေပေါ်မှာတင်ကျန် နေတဲ့နှာခေါင်းစည်းတွေ အများအပြားရှိနေသေးတယ် လို့ဆိုပါတယ်။ ပြင်သစ်နဲ့ ဂျပန်နိုင်ငံတွေမှာလည်း အလားတူဖြစ်ရပ်တွေ ဖြစ်နေပြီး ကမ်းခြေတွေရှိရာအနီး တစ်ဝိုက်မှာ ရေငုပ်သမားတွေနဲ့ တာဝန်သိစိတ်ရှိတဲ့ စေတနာ့ဝန်ထမ်းတွေက ရေထဲကနှာခေါင်းစည်းတွေကို ကောက်ယူဖယ်ရှားပေးခဲ့ရတယ်လို့ သိရပါတယ်။
မဖျက်ဆီးနိုင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ OceanAsia အဖွဲ့က မကြာသေးခင်က စစ်တမ်းကောက်ယူမှုတစ်ခုမှာ ၎င်းတို့ဟာ ဟောင်ကောင် ကမ်းခြေတစ်ခုရဲ့ ကိုက် ၁ဝဝ ခန့် အကွာအဝေးအတွင်းမှာ အသုံးပြုပြီး စွန့်ပစ်ထားတဲ့ နှာခေါင်းစည်း အခုရေ ၇၀ ကို တွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနှာခေါင်းစည်း အရေအတွက်ဟာ သိပ်မများလှပေမယ့် လူတွေကို သတိပေးနှိုးဆော်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် တွေရှိနေပါတယ်။ ကိုဗစ် -၁၉ အန္တရာယ်ကနေ ကာကွယ်ဖို့ လူတိုင်းနေ့စဉ်အသုံးပြုနေကြတဲ့ နှာခေါင်းစည်းတွေရဲ့ အဓိကပြဿနာတစ်ခုကတော့ ဒီအရာတွေဟာ ဖျက်ဆီး ပစ်လို့မရဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်
ချည်မျှင်နဲ့ပြုလုပ်ထားဟန်ရှိတဲ့ နှာခေါင်းစည်း တစ်ခုမှာ recycle လုပ်ပြီး ပြန်သုံးလို့မရနိုင်တဲ့ပလတ် စတစ်နဲ့ နှာခေါင်းစည်းတပ်ဆင်တဲ့အခါ နှာခေါင်းနေရာမှာ အံဝင်ခွင်ကျဖြစ်နေအောင်ထိန်းပေးတဲ့ သတ္တုချောင်းတစ်ချောင်း ပါဝင်ပါတယ်။ ချေဖျက်ပစ်လို့မရတဲ့ အဲဒီပစ္စည်းတွေမှာ မိုက်ခရိုပလတ်စတစ်လို့ခေါ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေ ပါဝင်နေပြီး အဲဒီအရာတွေမှာ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေပါရှိပါတယ်။ အသုံးပြုပြီးသား နှာခေါင်းစည်းတွေကို စည်းကမ်းတကျ မစွန့်ပစ်ဘူးဆိုရင် ပလတ်စတစ် အမှုန်အမွှားတွေဟာ ရေထဲကို ရောက်ရှိသွားပြီး သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးလာ နိုင်ပါတယ်။
အကြောင်းရင်းများ
ကုလသမဂ္ဂအဖွဲ့ကြီးက စွန့်ပစ်နှာခေါင်းစည်းတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ပင်လယ်သမုဒ္ဒရာတွေနဲ့ မြေကြီးတွေထဲမှာ ရောက်ရှိသွားကြတယ်လို့ ခန့်မှန်းခဲ့ပြီး ဒီလိုဖြစ်ရတဲ့အကြောင်းက စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းနဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ကြောင့်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာနဲ့ ထုတ်လုပ်အသုံးပြုနေတဲ့ နှာခေါင်းစည်းအရေအတွက်ကို အခြေခံပြီးဖော်ပြရမယ်ဆိုရင် စည်းကမ်းမဲ့စွာ စွန့်ပစ်လိုက်တဲ့ နှာခေါင်းစည်းတွေရဲ့ တစ်ရာခိုင်နှုန်းဟာ အလေးချိန်အား ဖြင့် ပေါင် ၆၆၀၀၀ သို့မဟုတ် ၈၈၀၀၀ ရှိပါတယ်။ နှာခေါင်းစည်းတစ်ခုကို ကမ်းခြေမှာ ဖြစ်သလို စွန့်ပစ်လိုက်တဲ့အခါ အဲဒီနှာခေါင်းစည်းမှာပါဝင်တဲ့ ဖျက်ဆီးပစ်လို့မရတဲ့ အစိတ်အပိုင်းတွေဟာ သဲပြင်အောက်ကို တဖြည်းဖြည်းနစ်မြုပ်သွားပြီး ပင်လယ်သမုဒ္ဒရာ အောက်ခြေကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်နိုင်
ဒီလိုကနေ သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ညစ်ညမ်းမှုဖြစ်လာစေပြီး ရေနေသက်ရှိသတ္တဝါတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် နောက်ဆုံးဒေသဆိုင်ရာ ငါးဖမ်းလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာ စေနိုင်တဲ့အတွက် စွန့်ပစ်နှာခေါင်းစည်းကိစ္စကို ပေါ့သေးသေးလို့ သတ်မှတ်လို့မရတာ အမှန်ပါ။ ကိုဗစ် -၁၉ကပ်ရောဂါကြီး အဆုံးမသတ်မချင်းကတော့ လူတွေရဲ့ နေ့စဉ်ရှင်သန်လှုပ်ရှားမှုဘဝမှာ နှာခေါင်းစည်းတွေက နေရာယူနေဦးမှာဖြစ်ပြီး နှာခေါင်းစည်းတွေကို ကောင်းစွာပြန်လည်အသုံးပြုနိုင်ဖို့ လမ်းညွှန်ချက်တွေလည်း လိုအပ်ပါတယ်။
နှာခေါင်းစည်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေနိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့ အခြေခံကျတဲ့ နည်းလမ်းတစ်ခုကတော့ အသုံးပြုပြီးသားနှာခေါင်း စည်းတွေကို အဖုံးပါရှိတဲ့ အမှိုက်ပုံးတွေထဲကို ထည့်ပြီး သေချာစွာစွန့်ပစ်ဖို့ဖြစ်ပါတယ်။ စွန့်ပစ်တဲ့အခါမှာလည်း တောရိုင်းတိရစ္ဆာန်တွေ ဘေးကင်းစေဖို့အသုံးပြုထားတဲ့ နှာခေါင်းစည်းရဲ့ ဘေးနှစ်ဖက်က ပျော့ကြိုးကို ဖြတ်တောက်ပစ်ပြီးမှ စွန့်ပစ်မယ်ဆိုရင် တိရစ္ဆာန်တွေမှာ နှာခေါင်းစည်းနဲ့ချိတ်မိ ငြိမိတာတွေ မဖြစ်နိုင်တော့ပါဘူး။
အထောက်အကူပြု
ဒါ့အပြင် အာဏာပိုင်တွေကချမှတ်ထားတဲ့ လူမှုဝေးကွာ စည်းကမ်းတွေအတိုင်း တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာ နေထိုင်ခြင်းကလည်း နှာခေါင်းစည်းတပ်ဆင်ရတဲ့ အကြိမ်ရေကို နည်းပါးစေပြီး Stay at Home နေထိုင်ရတဲ့ အချိန်တွေမှာ နှာခေါင်းစည်းတပ်ဆင်ထားဖို့ မလိုတဲ့အတွက် ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံအထောက် အကူပြုနိုင်မှာဖြစ်ပါတယ်။ ။
ကိုးကား - ဘီဘီစီ