နေပြည်တော် ၂၅ နိုဝင်ဘာ
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည် ဖြစ်ပြီး၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည်ဟု သိရှိရပါကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုသူများသည်၂၀၁၅ ခုနှစ်တွင် (၆၃၂၃၁၄)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၆၇၁၄၃၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇၆၇၄၂၂) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၈၄၄၃၅၈)ဦးရှိခဲ့ပြီး၂၀၁၉ ခုနှစ်တွင် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့်သူ(၈၉၆၀၁၂)ဦးစာရင်းပေးသွင်းထားသဖြင့် နှစ်စဉ်ဖြေဆိုသူ တိုးတက်များပြား လာပြီးစုစုပေါင်းဖြေဆိုသူဦးရေ(၂၅၀ဝ၀ဝ) ကျော် ပိုများလာပါကြောင်း၊ စာစစ်ဌာနများ ကိုလည်း ၂၀၁၅ ခုနှစ်၌(၁၃၇၆)ခု၊ ၂၀၁၆ ခုနှစ်၌ (၁၄၇၀)ခု၊ ၂၀၁၇ ခုနှစ်တွင်(၁၅၉၄)ခု၊ ၂၀၁၈ ခုနှစ်တွင် (၁၇၄၂)ခုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၈၈၁)ခုအထိတိုးမြှင့်၍ စာမေးပွဲဖြေဆိုသူများ ပိုမိုအဆင်ပြေနိုင် ဆုံးဖြစ်ရန်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီမှုအရ တိုးချဲ့ဆောင်ရွက်ပေးထားပါကြောင်း၊ စာမေးပွဲဖြေဆိုမည့်ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲခန်း ကြီးကြပ်မည့်ဆရာဆရာမများ အဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိအကောင်းဆုံးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွား ရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်း လုပ်ငန်းများလုံခြုံမှု ရှိစေရေး၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ် ရေးမှူးများ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့်သူများအား ဘက်မလိုက်ဘဲ မျှတစွာတာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့်သက်ဆိုင်ရာသို့ လက်ဆင့်ကမ်း အပ်နှံဆောင် ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်းဆောင်ရွက်ရန်အတွက်လုံလောက်သောဆရာဆရာမအရေအတွက်ဖြင့် တာဝန်ပေးအပ်ရန် လိုပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးသောဆရာဆရာမများ၊ ကျန်းမာရေး မကောင်းသော ဆရာ ဆရာမများနှင့် ဘာသာရပ်နှင့်မကိုက်ညီသောအထက်တန်းပြဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်းမပြု ရန်နှင့်ဘာသာရပ် နှင့် ကိုက်ညီသောအထက်တန်းပြလုပ်သက်(၂)နှစ် အထက်ရှိ သည့်ဆရာ ဆရာမများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီတာဝန်ပေးရန်နှင့် ပျက်ကွက်မှုမရှိအောင် အလေးထား ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်းစသည်ဖြင့်ပြောကြားသည်။ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမများကသိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး မှ ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်နှင့် တာဝန်ရှိသူများက ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများ၊တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချကြသည်။ အဆိုပါဆွေးနွေးပွဲသင်တန်းကို နိုဝင်ဘာ ၂၇ ရက်အထိကျင်းပမည်ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ချင်း(ပလက်ဝ) တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း ၁၀၆၇ ဦးတက်ရောက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းသင်ကြားမည့် Grade-10 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များရေးသားပြုစုရေးနှင့် စပ်လျဉ်းသည့်အစည်း အဝေးသို့ တက်ရောက်၍ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်သင်ရိုးရေးဆွဲရေးအဖွဲ့ ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသတင်း ရရှိသည်။
(သတင်းစဉ်)