မောင်စာဂ

၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်နေ့က နေပြည်တော် Grand Amara Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သော "၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း များ ရင်ဆိုင်ကြုံတွေ့ နိုင်သော လုပ်ကြံသတင်းများ၊ အမုန်းစကားများအား တိုက်ဖျက်ခြင်းတို့နှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" သို့ တက်ရောက်ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့သည်။ ဘာကြောင့် ဤကဲ့သို့သော အလုပ်ရုံဆွေးနွေးပွဲမျိုး ကျင်းပပြုလုပ်ရပါသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။

 

အမျိုးသမီးဦးရေ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းမှာ ၅၁ သန်းကျော်ဖြစ်ပြီး အမျိုးသားဦးရေ ၂၄ သန်းကျော်နှင့် အမျိုးသမီးဦးရေ ၂၆ သန်းကျော် ရှိသည်။ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်း ပိုများနေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ကျား/မ အချိုးသည် မ ၁၀၀ မှာ ကျား ၉၃ ဦးရှိသည်ကို တွေ့ရသည်။ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများနေသော်လည်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ များတွင် အမျိုးသမီးဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်းနှင့် စပ်လျဉ်းပြီး ဤသို့ တွေ့ရှိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆၉ ဦးအနက် အမျိုးသမီးဦးရေ ၁၂၇ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးပါဝင်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၆၀၃၈ ဦး ရှိခဲ့ရာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ဦး ပါဝင်ခဲ့ပြီး အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံရှိအမျိုးသမီးများသည် နိုင်ငံရေးတွင် အမျိုးသားများနှင့် တန်းတူညီမျှ ပါဝင်မှုပမာဏ နည်းနေသေးကြောင်း တွေ့ရှိရသည်။

 

လွှတ်တော်များတွင်ကိုယ်စားပြုမှု

မြန်မာနိုင်ငံ၏လွှတ်တော်များအတွင်း ကိုယ်စားပြုမှုမှာ ကျား/မ ရေးရာ တန်းတူညီမျှမှုက ကြီးကြီးမားမားကွာဟနေဆဲ ဖြစ်သည်။ လွှတ်တော်များအတွင်း ၁၃ ရာခိုင်နှုန်းသာ အမျိုးသမီး ပါဝင်နေပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များပါဝင်မှု အချိုးအားဖြင့် နိုင်ငံပေါင်း ၁၉၁ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၅၉ သာရှိနေကြောင်း လေ့လာတွေ့ရှိရသည်။

 

အဘယ်ကြောင့် အမျိုးသမီးများပါဝင်မှုနည်းပါးနေသနည်း

မြန်မာနိုင်ငံတွင် အမျိုးသမီးများ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်မှုနည်းပါးရခြင်းသည် ယဉ်ကျေးမှုစံနှုန်းများကြောင့်ဟု ယူဆကြသည်များရှိသည်။ အမျိုးသမီးများအနေဖြင့် အမျိုးသား တို့၏ခေါင်းဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးခြင်း၊ အမျိုးသမီးများကို အိမ်မှုကိစ္စများတွင် ဖြည့်ဆည်းပံ့ပိုးပေးရမည့် တာဝန်များ သတ်မှတ်ထားခြင်း စသည့် ယဉ်ကျေးမှုစံနှုန်းများကြောင့် အမျိုးသားနှင့် အမျိုးသမီးများ၏ နိုင်ငံရေးတွင်ပါဝင်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သုံးသပ် သည်များလည်း ရှိသည်။ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင်လည်း ပုံမှန်အားဖြင့် အမျိုးသားများကိုသာ ဦးစားပေးလေ့ရှိကြသည်။ ဤသည်မှာလည်း အကြောင်း တစ်ချက်ဖြစ်သည်။

 

နောက်တစ်ကြောင်းမှာ ရွေးကောက်ပွဲများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်ဖြင်း၊ အမုန်းစကားများ ပြောဆိုခြင်းများသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲ များ၏ အခြေခံစံချိန်စံညွှန်းကို ပျက်ယွင်းစေရာရောက်သည်။ အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှု လျော့နည်းစေသည့် အကြောင်းအရင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပိုမိုပါဝင်လာစေရေးနှင့် တန်းတူညီမျှရှိစေရေးသည် ဒီမိုကရေစီ စံချိန်စံညွှန်း နှင့်ညီသည့် ရွေးကောက်ပွဲများဖြစ်စေရေးအတွက် အထက်ဖော်ပြပါအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

 

အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးကဏ္ဍဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အမျိုးသမီး ကဏ္ဍတာဝန်ရှိသူ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် အစုအဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းသည်။ တစ်ဖွဲ့လျင် ၉ ဦးကျစီ ပါဝင်သည်။

 

ဆွေးနွေးသည့် အဓိကအချက်များ

လွှတ်တော်ရွေးကောက်ပွဲများတွင် အမျိုးသမီးအခန်းကဏ္ဍပါဝင်မှု မြှင့်မားလာစေလိုသည်။ သို့ရာတွင် အမျိုးသမီးအခန်းကဏ္ဍပါဝင်မှု မြင့်မားလာအောင် မည်သို့ဆောင်ရွက်ကြရမည်ကို အဓိက ဦးမတည်ဘဲ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အမုန်းစကားများ ပြောဆို၍ တိုက်ခိုက်လာသည်များကို မည်သို့တားဆီးသွားမည်နည်း။ မည်သို့သော စည်းရုံးလှုံ့ဆော်မှုများကို  ပြုလုပ်ဆောင်ရွက်သွားကြမည်နည်း။ ထိုသို့ တားဆီးပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအပြီး မည်သို့သောအကျိုးရလဒ်များ ဖြစ်ထွန်းလာမည်နည်း။ အမျိုးသမီးကဏ္ဍ မြင့်မားလာမှုပုံရိပ် မည်သို့ရှိလာမည်နည်း။ ဤအချက်များကို တစ်ဖွဲ့စီအလိုက် ဆွေးနွေးသွားကြ ရန်ဖြစ်သည်။

 

ဆွေးနွေးပွဲမှထွက်ပေါ်လာသည့်အချက်များ

အစုအဖွဲ့ ၆ ဖွဲ့သည် မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များပေးကြသည်။ မိမိဆောင်ရွက်မည့် လှုံ့ဆော်မှုအစီအစဉ် အနှစ်ချုပ်ကို ရေးသားသည်။ ထို့နောက် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအပြီး မျှော်လင့်ရသည့် အကျိုးရလဒ်များကိုရေးသားသည်။ တူရာတူရာများကို စုစည်း၍ ဤကဲ့သို့သော ဆွေးနွေးချက်များ ပေါ်ထွက်လာသည်။

 

အစုအဖွဲ့တစ်ခုလျှင် ခေါင်းစဉ် ၁ ခုဖြင့် ခေါင်းစဉ် ၆ ခုရသည်။ ယင်းတို့မှာ "အမျိုးသမီးများ ဦးဆောင်နိုင်ဖို့ အမုန်းစကားများတိုက်ဖျက်စို့"။ "၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ၃၅ ရာခိုင်နှုန်းကျော် ရွေးချယ်ခံရရေး" ။ "ပြည်နယ်တစ်ခွင် ၃၀ ရာခိုင်နှုန်းဝင်"။ "အရောင်အသွေးစုံလင်သော အမျိုးသမီးငယ်များနှင့်လှပနေသော လွှတ်တော်" ။ "ပျိုမေတို့၏ အနာဂတ်ပလ္လင်"။ "အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်ဖို့ အားလုံးပါဝင်စို့"  တို့ ဖြစ်သည်။

 

အမုန်းစကားတိုက်ဖျက်ရေးအစီအစဉ်

 

အမုန်းစကားတိုက်ဖျက်ရေးအတွက် အသုံးပြုမည့် အစီအစဉ်ဆောင်ပုဒ်များအနေဖြင့် "အမုန်းစကားများ ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းသွား"။ "အမုန်းစကားများ စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ ထိန်းချုပ်စည်းတား"။ "အမုန်းစကားရှောင်၊ အမျိုးသမီးကိုယ်စားလှယ်များအောင်"။ "အမျိုးသမီးအချင်းချင်း ယုံကြည်အားထားခြင်း"။ "သန့်ရှင်းလှပအောင် အမျိုးသမီးတွေက ဖော်ဆောင်"။ "အမျိုးသမီးကိုယ်စားလှယ်လောင်းများအား ကရုဏာမေတ္တာထား"။ "အမုန်း စကားများ တိုက်ဖျက်သွား" စသည်တို့ဖြစ်သည်။

 

ရရှိလာမည့်အကျိုးရလဒ်များ

အမျိုးသမီး ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်လာမည့် အမုန်းစကားများကို ကာကွယ် တားဆီးနိုင်ခြင်းဖြင့် ရရှိလာသည့် အကျိုးရလဒ်များအဖြစ် အောက်ပါအတိုင်း ဆွေးနွေး အဖြေထုတ်ကြသည်-

  • အမျိုးသမီးကိုယ်စားလှယ်လောင်းများကို လူထုက ပိုမိုထောက်ခံလာမည်။
  • အမျိုးသမီးအခန်းကဏ္ဍ ပိုမိုမြင့်မားလာပြီး လူမှုစီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့မည်။
  • လွှတ်တော်ပြင်ပတွင်လည်း အမျိုးသမီးများနိုင်ငံရေးတွင် ပိုမိုစိတ်ဝင်စားမှု မြင့်မား လာမည်။
  • အရည်အချင်းရှိသည့် အမျိုးသမီးငယ်များအတွက် နိုင်ငံတော်တွင် အရေးပါထိုက်တန် သည့်နေရာများ ပေါ်ထွက်လာမည်။
  • အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မြင့်မားလာမည်။ မိမိကိုယ်ကို ယုံကြည်မှုပိုမိုမြင့်မားလာစေပြီး လွတ်လပ်လုံခြုံစွာ မဲဆွယ်စည်းရုံး လာနိုင်မည်။
  • အမျိုးသားများနှင့်အတူ တန်းတူရည်တူလုပ်ပိုင်ခွင့်များ ဖြစ်ထွန်းလာမည်။
  • လူထုကအမျိုးသမီးများအပေါ် ပိုမိုယုံကြည်မှုများရှိလာမည်။
  • သတ်မှတ်အရည်များနှင့် ကိုက်ညီသော အမျိုးသမီးများ ခေါင်းဆောင်မှုနေရာများကို ရောက်သွားနိုင်ကြမည်။
  •  

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မိမိရေးဆွဲထားသည့် ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ရည်မှန်းချက်ပန်းတိုင်ပါ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်မှု အခန်းကဏ္ဍ မြင့်မားရေးအချက်ကို ဦးတည်၍ ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အောင်မြင်မှုရလဒ်များ ရရှိခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်အတူ အမျိုးသမီး ကဏ္ဍဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင်၍ ဤဆွေးနွေးပွဲ၏ ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုအခန်းကဏ္ဍ ပိုမိုမြင့်မားတိုးတက်လာမည်ဟု ယုံကြည်မိကြောင်းပါ။

  • အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် လုပ်ကြံသတင်းများ၊ အမုန်း စကားများ ရှောင်ရှားနိုင်ကြပါစေ၊
  • ပေါ်ပေါက်လာနိုင်သည့် လုပ်ကြံသတင်းများ၊ အမုန်းစကားများကို တားဆီးထိန်း ချုပ်နိုင်ကြပါစေ၊
  • နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုအခန်းကဏ္ဍ ပိုမိုမြင့်မားလာပါစေ။