ပုလဲ ၂၄  နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ ပုလဲရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲနှင့်  ကဗျာရွတ်ပြိုင်ပွဲများကို   စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဦးဝင်းရွှေက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးက “မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ  ခေါင်းဆောင်ဖြစ်လာမယ့်  ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ    ထက်မြက်လာစေရန်၊  ကလေးများရဲ့  တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေး များ စာပေနှင့်ရင်းနှီးပြီး  စာဖတ်ဝါသနာပါလာစေရန်၊ ကလေးများအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးရန်နှင့် သမိုင်းဝင်  နေ့ထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့  ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများကို သိရှိနိုင်စေရန်တို့ကို  ရည်ရွယ်၍ (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  စာဖတ်ရှိန်မြှင့်တင်ရေးပွဲများအဖြစ်  အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊မြို့နယ်ပညာရေးမှူးရုံးနှင့်မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့၏ အားပေးကူညီမှုများဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ  အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် အတွေးပန်းချီပြိုင်ပွဲနှင့်  မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

 

ထိုနောက် အခြေခံပညာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံ ပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများသို့ ပုလဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အလယ်တန်းကျောင်းများနှင့် အခြေခံပညာမူ လတန်းကျောင်းများမှ  ကျောင်းသား/ ကျောင်းသူ ၁၂၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုရရှိသည့် ကျောင်းသား/ ကျောင်း သူများကို အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများကို ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်