မြိတ် ၁ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ Phetchaburi Rajabhat University တို့အကြား ပညာရပ်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ ရိုးရာယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ်များ ကျင်းပ ဆောင်ရွက်နိုင်ရန်နှင့် သုတေသနဆိုင်ရာ လုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အကြားတွင် တက္ကသိုလ် (၂) ခု၏ နားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း မြိတ်တက္ကသိုလ်မှ သိရသည်။
တက္ကသိုလ် (၂) ခု၏ သဘောတူလက်မှတ် ရေးထိုးခြင်းဆိုင်ရာ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံရှိ Rajabhat University Network Delegatiom’s အဖွဲ့၏ တက္ကသိုလ် (၇) ခုမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၃၀) ရက် နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်သို့ ပညာရပ်ဆိုင်ရာ လုပ်ငန်းစဉ်များကို နှစ်ဦးနှစ်ဖက် အပြန်အလှန် လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို လာရောက်လေ့လာသည့် ရည်ရွယ်ချက်ဖြင့် အလည်အပတ် လာရောက်ခဲ့ကြကြောင်း သိရသည်။
မြိတ်တက္ကသိုလ်သို့ အလည်အပတ် လာရောက်ခဲ့သည့် ထိုင်းနိုင်ငံရှိ Thepsatri Rajabhat University မှ ASST.PROF CHINTANA ဦးဆောင်သော တက္ကသိုလ် (၇) ခုမှ တာဝန်ရှိသူများနှင့် မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာနီနီဦး ဦးဆောင်သော ဘာသာရပ်ပေါင်းစုံ ဆရာ/ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး မြိတ်တက္က သိုလ်ရှိ ဘာသာရပ် (၁၃) ခုတွင် ကဏ္ဍအလိုက် လုပ်ဆောင်နိုင်သည့် အချက်များကို နှစ်နိုင်ငံတက္ကသိုလ်များ အကြား အပြန်အလှန် လေ့လာဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာနီနီဦးက ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး နှစ်နိုင်ငံ တက္ကသိုလ်များအကြားတွင် သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာရပ်များမှ လုပ်နိုင်သည့် လုပ်ငန်းစဉ်များကို အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် မြိတ်တက္က သိုလ်အနုပညာအသင်းမှ ဧည့်သည်တော်များအား တနင်္သာရီရိုးရာ နဂါးလှေလှော်အက၊ မြန်မာ့ဆီမီးခွက်အက၊ လှလိုက်တဲ့တနင်္သာရီ၊ လောကအားမာန်၊ ထိုင်းသီချင်းတို့ဖြင့် တေးသရုပ်ဖော် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံတက္ကသိုလ်များ အပြန်အလှန် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
“တက္ကသိုလ်အနေဖြင့် သုတေသနလုပ်ငန်းတွေကို ကျောင်းသူ/သားများမှ လက်တွေ့ကျကျ သိရှိ လုပ်ဆောင်နိုင်တာနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တခြားနိုင်ငံတွေနဲ့ဆက်သွယ်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်စေချင်ပါတယ်။ ဒါ့အပြင် ကျောင်းသူ/သားများတွေဟာ မိမိဒေသမှာရှိနေတဲ့ လုပ်ငန်းတွေကို ပိုမိုတိုးတက်ပြီး လုပ်ငန်းခွင်ထဲ ဝင်သွားတဲ့အခါမှာ အလုပ်အကိုင်ရရှိနိုင်တဲ့ အခွင့်အလှမ်းတွေပါ ရရှိဖို့အတွက် နိုင်ငံခြားတက္ကသိုလ်တွေနဲ့ MOU ထိုးတဲ့ ရည်ရွယ်ချက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်” ဟု မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာနီနီဦး က ပြောသည်။
ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံရှိ Thepsatri Rajabhat University မှ ASST.PROF CHINTANA ဦးဆောင်သောအဖွဲ့မှ မြိတ်တက္ကသိုလ်ရှိ ဘာရပ်များအလိုက်ပြခန်းများ၊ အဏ္ဏဝါသိပ္ပံပြခန်းတို့ကို ကြည့်ရှု လေ့လာခဲ့ကြသည်။ မြိတ်တက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများမှ ထိုင်းနိုင်ငံရှိ Phetchaburi Rajabhat University ကို တတိယအကြိမ်မြောက်အဖြစ် သွားရောက်လေ့လာကြမည်ဖြစ် ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်အနေဖြင့် မြိတ်ဒေသတွင် သုတေသနလုပ်ငန်းများစွာကို နိုင်ငံခြား တက္ကသိုလ်များ၊ အဖွဲ့အစည်းများဖြင့် ပူးတွဲလုပ်ဆောင်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရမည့်လုပ်ငန်းစဉ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ သားရဲတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု တားဆီးသည့် လုပ်ငန်းစဉ်များ၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်တက္ကသိုလ်မှ နိုင်ငံခြား တက္ကသိုလ်များနှင့်အဖွဲ့အစည်း စုစုပေါင်း(၈)ခုဖြင့် နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံခြားတက္ကသိုလ်များ၊ အဖွဲ့အစည်းများဖြင့် ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)