မြန်မာစာပေသမိုင်းတွင် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော ဂန္ထဝင်မြောက်သုတ၊ ရသစာကောင်းပေမွန်များကို စာဖတ်ပရိသတ်လက်သို့ တစ်စုတစ်စည်းတည်း ပေးအပ်လိုသောရည်ရွယ်ချက်၊ မြန်မာစာပေလက်ရာကောင်းများ အဓွန့်ရှည်စွာ မပျောက်ပျက်အောင် ထိန်းသိမ်းရေးရည်ရွယ်ချက်၊ အများပြည်သူ ဉာဏ်ပညာမြင့်မားလာစေရန်နှင့် လူငယ်များမြန်မာစာပေကို ချစ်မြတ်နိုးလျက် စာပေဖတ်ရှုသော အလေ့အထတိုးပွားလာစေရန် ရည်ရွယ်ချက်တို့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် မြန်မာဂ္ထဝင် အတွဲ ၁၀ဝ စာစဉ်များကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်များတွင် ၂၀ ရာစု မြန်မာစာပေအတွင်းမှ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ်၊ ရသစာတမ်း၊ သုတပဒေသာ (ဝိဇ္ဇာ၊ သိပ္ပံ)၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ နိုင်ငံရေး၊ သမိုင်း၊ တိုင်းရင်းသားဆိုင်ရာ ဘာသာရပ်များအပါအဝင် သုတရသအကောင်းဆုံးစာအုပ်များကို ရွေးချယ်စုစည်း ထုတ်ဝေသွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာစာပေစတင်ထွန်းကားခဲ့သည့် ပုဂံခေတ်မှကုန်းဘောင်ခေတ်အချိန်ခန့်အထိ ထွက်ပေါ်ခဲ့သော ရှေးဟောင်းစာပေများအတွင်းက ခေတ်လူငယ်များအတွက် အကျိုးပြုမည့် စာပေများကိုလည်းထုတ်ဝေမည်ဖြစ်သည်။
ဖြန့်ကြက်ရှုမြင်နိုင်
ယင်းစာအုပ်တွဲများကို စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာပေသုတေသီများ၊ စာကြည့်တိုက်ပညာရှင်များပါဝင်သော စိစစ်ရွေးချယ်ရေးအဖွဲ့များက မိမိကျွမ်းကျင်ရာ ဘာသာရပ်ကဏ္ဍအလိုက် စုဖွဲ့လျက် အချိန်ယူလေ့လာဖတ်ရှုခဲ့ကြသည်။ မြန်မာစာပေသမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော စာပေအမျိုးမျိုးထဲမှ ရည်ရွယ်ချက်နှင့်အကြောင်းအရာအရ သော်လည်းကောင်း၊ အရေးအဖွဲ့အရ သော်လည်းကောင်း စာဖတ်ပရိသတ်များ၊ စာပေလေ့လာသူများက စာပေလက်ရာမွန်အဖြစ် မှတ်တမ်းတင်အသိအမှတ်ပြုခဲ့ကြရသော သုတ၊ ရသစာပေများကိုရွေးချယ်လျက် စုစည်းထုတ်ဝေမည်ဖြစ်ပြီး ဤစာစဉ်တွဲများမှတစ်ဆင့် မြန်မာစာပေမြင်ကွင်းတစ်ခုလုံးကို ဖြန့်ကြက်ရှုမြင်နိုင်မည်ဖြစ်သည်။
ယခုအခါ စာဖတ်သူတို့ကို ဘဝအသိအမြင် မြင့်မားစေရေးအတွက် ခံစားနှစ်သက်မှု “ရသ” ကို ဖော်ကျူးပေးစွမ်းမည့် မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်ဝတ္ထုရှည်အတွဲ (၁)၊ အတွဲ (၂)နှင့် အတွဲ(၃) တို့ကို စတင်ထုတ်ဝေလိုက်ပြီဖြစ်သည်။
ဝတ္ထုရှည် စာစဉ်အတွဲ(၁)တွင် ဂျိမ်းစ်လှကျော်ရေးသားသည့် မောင်ရင်မောင်မမယ်မဝတ္ထု (၁၉၀၄)၊ ဝန်စာရေး ဦးကြီးရေးသားသည့် ချဉ်ပေါင်ရွက်သည်မောင်မှိုင်း (၁၉၀၄)၊ မအေးခင် ရေးသားသည့် ချစ်ရိုးအမှန် (၁၉၀၇) စာအုပ်တို့ပါဝင်ပါသည်။ အတွဲ (၂)တွင် ဦးလတ်ရေးသားသည့် ရွှေပြည်စိုး(၁၉၁၄)၊ ရွှေဥဒေါင်းရေးသားသည့် ရတနာပုံ(၁၉၁၇)၊ ဘီအေမောင်ဘသန်း ရေးသားသည့် ထာဝရမေတ္တာ သို့မဟုတ် ဘီအေ မောင်ဘလွင် (၁၉၂၀) စာအုပ်တို့ ပါဝင်ပါသည်။ စာစဉ်အတွဲ (၃)တွင် ဦးလတ်ရေးသားသည့် တနန်းပျော်ရင်သွေးတော်(၁၉၂၀)၊ ပီမိုးနင်းရေးသားသည့် နေရီရီ (၁၉၂၀)၊ သခင်ကိုယ်တော်မှိုင်း ရေးသားသည့်မှာတော်ပုံ (၁၉၂၁) စာအုပ်တို့ပါဝင်သည်။
ဝတ္ထုရှည် အတွဲများအတွက် မောင်ခင်မင် (ဓနုဖြူ)က စာစဉ်မိတ်ဆက်ပြီး ဆရာဇော်ဂျီ၊ ဦးအေးချို(မဟာဝိဇ္ဇာ)၊ ရာပြည့် ဦးစိုးညွန့်၊ ဦးမြင့်ဆွေ(မြင့်ဆွေဦး)တို့က အတွဲနိဒါန်းများကို သေသပ်လှပစွာ ရေးသားထားသည်။ ယင်းဝတ္ထုများသည် မြန်မာ့ပုံရိပ်၊ မြန်မာ့စိတ်ထား၊ မြန်မာတို့၏ဘဝအတွေ့အကြုံများကို ဖော်ကျူးထားသည့် ရသစာပေကောင်းစာအုပ်များဖြစ်သည်။
ဝတ္ထုရှည် ဘာသာရပ်ပြီးနောက်ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ် စသည်ဖြင့် ရသစာပေစာအုပ်တွဲများကို ဆက်လက်ထုတ်ဝေသွားမည်ဖြစ်သည်။ မိသားစုများ၊ စာကြည့်တိုက်များ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၏ စာအုပ်စင်များတွင်ခံ့ညားတင့်တယ်စွာ ထားရှိဖတ်ရှုနိုင်ရန်အတွက် စာမျက်နှာ ၇၀ဝ ခန့်ပါ ခန့်ချုပ်ဖြင့် အဆင်အပြင် လှပသပ်ရပ်စွာ စီစဉ်ထုတ်ဝေထားပြီး တစ်တွဲလျှင် ငွေကျပ် ၁၂၀ဝဝ ဖြင့် ဖြန့်ချိမည်ဖြစ်သည်။
ဖြန့်ချိရောင်းချသွားမည်
မြန်မာဂန္ထဝင်အတွဲ ၁၀ဝ ဝတ္ထုရှည်စာအုပ်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း စာပေဗိမာန်စာအုပ်ဆိုင်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်