ကိုရင်ဩ
အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီး နီးကပ်လာချိန် ဒုတိယမြောက် သမ္မတရာထူး သက်တမ်းတွင်     ဆက်လက်စိုးစံနိုင်ရန် ကြိုးပမ်းလျက်ရှိသူ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူ တော်သို့  တက်လှမ်းလိုသူ  ဒုတိယသမ္မတ ဟောင်း ဂျိုးဘိုင်ဒင်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသည့် ကြားမှ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပြီး ကမ္ဘာ့ရေးရာများအပေါ် သူတို့၏သဘောထား ရပ်တည်ချက်များ အသို့ရှိသည်ကို နိုင်ငံတကာ က လေ့လာစောင့်ကြည့်နေကြချိန်တွင် ကမ္ဘာ့ စူပါနိုင်ငံကြီး၏     နိုင်ငံခြားရေးမူဝါဒအရွေ့ ဖြစ်တန်ခြေကို ကျွန်ုပ်စေ့ငုလေ့လာမိလေ၏။
ဦးဆောင်မှုမြှင့်တင်ရန်
“အမေရိကန်က ပထမ” ကြွေးကြော်သံ နှင့်အတူ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ တွင်   အောင်ပွဲခံခဲ့သူ   ဒေါ်နယ်ထရမ့်အား စိန်ခေါ်လျက်ရှိသူ ဘိုင်ဒင်သည် ကမ္ဘာ့အလယ် အမေရိကန်၏ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ရန် သန္နိဋ္ဌာန်ပြုထားသည်။
နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲ သည် အမေရိကန်ပြည်သူများ၏ အရေးကိစ္စမျှ သာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများအပေါ် အကျိုး သက်ရောက်မှုရှိလာနိုင်သည့် ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာက ရှုမြင်ကြရာ အမေရိကန် ၏ အနာဂတ်ကာလ နိုင်ငံခြားရေးမူဝါဒအရွေ့ ကို   ကျွမ်းကျင်သူပညာရှင်များက  သုံးသပ် ခန့်မှန်းနေကြချိန်လည်းဖြစ်သည်။   အထူး အားဖြင့် အင်အားကြီးနိုင်ငံများနှင့် အမေရိကန် ဆက်ဆံရေး အပြောင်းအလဲရှိလာနိုင်ပုံ၊ ကမ္ဘာ့ “ဆီပူအိုး”ဒေသဖြစ်သော အရှေ့အလယ်ပိုင်း ဒေသအရေးအပေါ် အမေရိကန်၏ တုံ့ပြန်မှု ချဉ်းကပ်ပုံ   ပြောင်းလဲလာနိုင်ပုံ၊  အဏုမြူ လက်နက်အစီအစဉ် အကောင်အထည်ဖော် နေသော မြောက်ကိုရီးယားအပေါ် အမေရိကန် ၏ ပရိယာယ်ပြောင်းလဲလာနိုင်ပုံ၊ အမေရိကန် ၏ အရှည်ကြာဆုံး     စစ်ပွဲအဆုံးသတ်ရေး အာဖဂန်နစ္စတန်မှ  အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းလာနိုင်ပုံ၊ ၂၀၁၅ ခုနှစ်တွင် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ အကြား ရရှိခဲ့သော သမိုင်းဝင်နျူကလီးယား သဘောတူညီချက်ပျက်ပြားရခြင်းမှ ပြန်လည် အဖတ်ဆယ်ရန်   လိုအပ်ပုံ    စသည်တို့နှင့် ပတ်သက်၍ ကမ္ဘာက  အထူးစိတ်ဝင်စားလျက် ရှိကြလေသည်။
အမေရိကန်နှင့် တရုတ်ဆက်ဆံရေးကို ကြည့်လျှင်   လတ်တလောတွင် “စစ်အေး” အသွင်ဆောင်သော အားပြိုင်မှု၏ ပြယုဂ်များ နှင့်အတူ    လှုပ်ရှားသက်ဝင်လျက်ရှိကြ၏။ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား ကုန်သွယ် ရေးအရ ပွတ်တိုက်မှု၊ ဘူမိနိုင်ငံရေးလှုပ်ရှား မှုများအရ   ရန်စောင်မှုတို့ကို   ကျွန်ုပ်တို့ တွေ့မြင်ကြရ၏။
တရုတ်နိုင်ငံသည်   ကုန်သွယ်ရေးအရ မျှမျှတတ     ဆောင်ရွက်ခြင်းမရှိဟုဆိုကာ ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ကုန်သွယ်စည်း ကြပ်ခွန်များကို အလွန်အကျွံကောက်ယူစေ ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲရန် သမ္မတ ထရမ့်   ဦးတည်ခဲ့သည်။    တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင်     အမေရိကန်ဘက်မှ ကုန်သွယ်ရေး “လိုငွေပြမှု” ဖြစ်ပေါ်ရခြင်းသည် ယင်းနိုင်ငံ၏    ကုန်သွယ်ရေးကျင့်စဉ်များ သမာသမတ်မရှိခြင်းကြောင့်  ဖြစ်ရသည်ဟု သမ္မတထရမ့်က        စွပ်စွဲပြစ်တင်ခဲ့ပြီး နောက်ပိုင်းတွင် ငွေကြေးကစားသော နိုင်ငံ၊ ဉာဏပစ္စည်းမူပိုင်ခွင့်  ချိုးဖောက်သည့်နိုင်ငံ ဟူ၍လည်း သူက အကြိမ်ကြိမ်အဖန်ဖန် စွပ်စွဲ ပြစ်တင်ခဲ့သည်။
ကုန်သွယ်စည်းကြပ်ခွန်စတင်
အမေရိကန်-တရုတ်   “ကုန်သွယ်ရေး စစ်ပွဲ”သည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် စတင်ခဲ့သည်။ ယင်းနေ့တွင် အမေရိကန်က တရုတ်နိုင်ငံလုပ်   ကုန်ပစ္စည်းများ၏ တန်ဖိုး အမေရိကန်ဒေါ်လာ  ၃၄  ဘီလီယံအပေါ် ကုန်သွယ်စည်းကြပ်ခွန်    ၂၅    ရာခိုင်နှုန်း ကောက်ယူမှုကို စတင်ခဲ့သည်။
“ကုန်သွယ်ရေးစစ်ပွဲ”၏    အကျိုးသက် ရောက်မှုများအဖြစ်        နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ ကျဆင်းသွားခြင်း၊ စားသုံး သူများအတွက်   ကုန်ဈေးနှုန်းကြီးမြင့်သွား ခြင်း၊ ကုန်သွယ်ရေးစစ်ပွဲတွင် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းမရှိသော နိုင်ငံများထံမှ တင်ပို့ သော   ကုန်စည်များကို   အမေရိကန်က  ပိုမို တင်သွင်းလာခြင်းစသည်တို့ကို   ကျွန်ုပ်တို့ တွေ့မြင်ကြရသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ကိုအကြောင်းပြု၍ အကျိုးအမြတ်ရရှိသူများ မှာ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် မက္ကဆီကို တို့ ဖြစ်ကြလေသည်။
အကယ်၍ လာမည့်ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် ရွေးချယ်တင်မြှောက်ခံရမည်ဆို ပါက သူ့အနေဖြင့် သမ္မတထရမ့်  ကျင့်သုံးခဲ့ သော အမေရိကန်-တရုတ် ဆက်ဆံရေးမူဝါဒ အတိုင်း   ဆက်လက်ကျင့်သုံးဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။
ဘိုင်ဒင်သည်  တရုတ်နိုင်ငံနှင့် စီးပွားရေး ဆက်ဆံရေးအရ ထရမ့်၏မူဝါဒကိုဆက်လက် ကျင့်သုံးဖွယ်ရှိသော်လည်း   တစ်နိုင်ငံချင်း အလိုက် ထိပ်တိုက်တွေ့ခြင်းမပြုဘဲ  ဥရောပ မဟာမိတ်များနှင့် စည်းဝါးရိုက်ကာ တုံ့ပြန် မည့်မူဝါဒကို    ကျင့်သုံးနိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူပညာရှင်များက   သုံးသပ်ကြ သည်။
သမ္မတ ထရမ့် လက်ထက်တွင် ဥရောပ နှင့် မူဝါဒရေးရာ သဘောထားကွာဟမှုများ ကြီးမားခဲ့မှုကို ပြန်လည်ရင်ကြားစေ့နိုင်ရန် ဘိုင်ဒင်က ကြိုးပမ်းလာဖွယ်ရှိမည်ဟု ဆိုကြ သည်။
စိတ်ဝမ်းကွဲမှုကုစားမည်
ကမ္ဘာ့ရေးရာများတွင်   အမေရိကန်၏ ဦးဆောင်မှုအခန်းကဏ္ဍ ပြန်လည်မြင့်မားလာ စေရေး အတွက် မိမိကြိုးပမ်းစွမ်းဆောင်မည်ဟု  ဘိုင်ဒင်က  မဲဆွယ်စည်းရုံးစဉ်  ကြုံးဝါးခဲ့ပြီး သမ္မတထရမ့်၏လက်ထက် ဥရောပမဟာမိတ် များနှင့် စိတ်ဝမ်းကွဲခဲ့ရမှုကို ပြန်လည်ကုစား မည်ဟုလည်း ဘိုင်ဒင်က ကတိကဝတ်ပြုခဲ့ သည်။
ဘိုင်ဒင်၏   မျှော်မှန်းချက်မှာ   မြောက် အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)နှင့်  အမေ ရိကန်အကြား    ဆက်ဆံရေးပွန်းပဲ့ခဲ့ရမှုကို ပြန်လည်ကုစားရန်ဖြစ်ပြီး        ကမ္ဘာနှင့်ချီ  မဟာမိတ်ဖွဲ့မှုကို   ပြန်လည်တည်ဆောက်ရန် ဖြစ်သည်ဆို၏။
ဘိုင်ဒင်သည်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ်အို)နှင့်   အမေရိကန်အကြား ပြန်လည်ပူးပေါင်းဆောင်ရွက်ရန်လည်း ရည် မှန်းထားသည်။
သမ္မတထရမ့်သည် ဒဗလျူအိပ်ချ်အိုမှ အမေရိကန်နုတ်ထွက်မှုကို    ကြေညာခဲ့ပြီး ယင်းနုတ်ထွက်မှုသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် အာဏာသက်ဝင်လာမည်ဖြစ်သည်။
ကိုဗစ်-၁၉   ကမ္ဘာ့ကပ်ရောဂါအပေါ် ဒဗလျူအိပ်ချ်အို  ကိုင်တွယ်ဆောင်ရွက်ပုံ၊ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပေါ်ပေါက် ခဲ့သော နိုင်ငံတကာကျန်းမာရေးပြဿနာများ အပေါ် ဒဗလျူအိပ်ချ်အို ကိုင်တွယ်ဆောင်ရွက် ပုံ ညံ့ဖျင်းသည်ဟု သမ္မတထရမ့်က စွပ်စွဲပြစ် တင်ခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံ အဆိုပါ အဖွဲ့ကြီး  ပြုပြင်ပြောင်းလဲရေး  ပြုလုပ်ရန် လည်းကောင်း၊ တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုး မှုမှ   လွတ်ကင်းသော  အဖွဲ့အစည်းအဖြစ် ရပ်တည်ပုံကို         အထင်အရှားပြသရန် လည်းကောင်း သူက တောင်းဆိုခဲ့သည်။
ဂျာမနီသားများ ရှုမြင်ပုံထူးခြား
ကမ္ဘာ့အလယ်တွင် အမေရိကန်၏ ပုံရိပ် ကျဆင်းခဲ့ရသည်ဆိုသော သဘောတရားကို ဘိုင်ဒင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပလက်ဖောင်းတစ်ခုအဖြစ် ကိုင်စွဲခဲ့ပြီး ကမ္ဘာ တစ်လွှား အာဏာရှင်ဝါဒ ကျဆုံးစေရေးအတွက် ဒီမိုကရေစီ   စံတန်ဖိုးများကို   အမေရိကန် ပြည်ထောင်စုက   ထုတ်ဖော်ပြသရမည်ဟု သူကဆိုသည်။   အမေရိကန်ရွေးကောက်ပွဲ အပေါ် ဂျာမနီနိုင်ငံသားအများစု၏ ရှုမြင်ပုံ မှာမူ တစ်မူထူးခြားလှပေသည်။ အမေရိကန် ရွေးကောက်ပွဲအပြီး  ဒီမိုကရက် ဂျိုးဘိုင်ဒင် ဦးဆောင်မှုအောက်တွင်  ဥရောပနှင့် အမေ ရိကန်ဆက်ဆံရေး  ပြန်လည်တိုးတက်လာ နိုင်သည်ဟု ဂျာမနီနိုင်ငံတွင် ထုတ်ဝေသော နိုင်ငံခြားရေးမူဝါဒရေးရာ ဂျာနယ်ဖြစ်သည့် ‘နိုင်ငံတကာနိုင်ငံရေး’ အမည်ရှိ ဂျာနယ်၏ စစ်တမ်း၌   ဖော်ပြထားကြောင်း    ကျွန်ုပ် တွေ့ရှိရ၏။
သမ္မတထရမ့်အပေါ်   ဂျာမနီနိုင်ငံ၏ ယုံကြည်မှုမှာ   သိသိသာသာကျဆင်းနေ သည်ဟု  ဇန်နဝါရီလအတွင်း ပြုလုပ်သော စစ်တမ်းတွင် ဖော်ပြထားသည်။
အကယ်၍          ဘိုင်ဒင်ရွေးကောက် တင်မြှောက်ခံရပါက အမေရိကန်နှင့် ဥရောပ  ဆက်ဆံရေး တိုးတက်လာနိုင်သည်ဟု ဂျာမနီ နိုင်ငံသား လေးပုံသုံးပုံကျော်က ထင်မြင်ယူဆ ကြောင်း အဆိုပါစစ်တမ်းအရ သိရှိရသည်။
အမေရိကန်၏ သွေးအနီးဆုံး မဟာမိတ် များတွင် ဂျာမနီနိုင်ငံပါဝင်ပြီး ဥရောပသမဂ္ဂ (အီးယူ)၏ အပြင်ဘက်မိတ်ဖက်ပြုနိုင်ငံများတွင်လည်း အင်အားအကြီးဆုံး မိတ်ဖက်နိုင်ငံ အဖြစ် ယင်းနိုင်ငံ ရပ်တည်လျက်ရှိသည်။
ဂျာမနီနှင့်  အမေရိကန်တို့သည် မူဝါဒ ရေးရာပြဿနာများနှင့်ပတ်သက်၍ သဘော ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ယုံကြည်ကိုးစားမှု မပျက်ယွင်း ခဲ့ချေ။
သမ္မတထရမ့်နှင့် ဥရောပမဟာမိတ်များ အကြား   တင်းမာမှုဖြစ်ခဲ့ရသည့်   အဓိက ပြဿနာတစ်ရပ်မှာ ၂၀၁၅ ခုနှစ် ရာသီဥတု ပြောင်းလဲမှု ထိန်းညှိရေးဆိုင်ရာ ပါရီသဘော တူညီချက်စာချုပ်မှ အမေရိကန် နုတ်ထွက်ရန် သူက ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ပါရီသဘောတူညီချက်ပါ စည်းမျဉ်းများ သည် အမေရိကန်ပြည်ထောင်စု၏ အကျိုး စီးပွားကို ထိခိုက်စေပြီး မိမိ၏နိုင်ငံရှိ စီးပွား ရေးလုပ်ငန်းများ၊    အလုပ်သမားများနှင့် အခွန်ထမ်းပြည်သူများအား နစ်နာမှုဖြစ်ပေါ် စေသော အချက်များကို ပြန်လည်ပြင်ဆင် ပေးမှသာ ပါရီစာချုပ်သို့ ပြန်လည်ဝင်ရောက် မည်ဟု သမ္မတ ထရမ့်က   အတိအလင်း ပြောကြားခဲ့သည်။
“အမေရိကန်က ပထမ” ဟူသော သမ္မတ ထရမ့်၏   မူဝါဒနှင့်အညီ   ပါရီစာချုပ်ကို သူ ကျောခိုင်းခဲ့ခြင်းဖြစ်၏။
ပါရီစာချုပ်မှ အမေရိကန် နုတ်ထွက်ရန် ကြေညာခဲ့ခြင်းကို ရီပတ်ဘလီကန်အချို့က ကောင်းချီးဩဘာပေးခဲ့ကြသော်လည်း နိုင်ငံ တကာရှိ စီးပွားရေးအဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံသား အများအပြားက ဝေဖန်ပြောဆိုခဲ့ ကြလေသည်။
ရာသီဥတု    ပြောင်းလဲမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးမှာ မိမိ၏ ဦးစားပေး လုပ်ငန်းဖြစ်လိမ့်မည်ဟု    ဂျိုးဘိုင်ဒင်က  ကြွေးကြော်ခဲ့ခြင်းမှာ     သမ္မတထရမ့်၏ ရပ်တည်ချက်နှင့် နှိုင်းယှဉ်ကြည့်ပါက ပြဒါး တစ်လမ်း၊ သံတစ်လမ်းဖြစ်ပေလိမ့်မည်။
‘ကမ္ဘာကြီးပူနွေးလာမှု’ အရေးကို အလေး ပေးလျှင် စီးပွားရေးကို ခြိမ်းခြောက်ရာကျလိမ့် မည်ဟု သမ္မတထရမ့်က ရှုမြင်ပြီး ရုပ်ကြွင်း လောင်စာ အသုံးပြုရေးအယူအဆကို သူမြှင့် တင်အားပေးခဲ့သည့်အပြင်   ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုထိန်းညှိရေးဆိုင်ရာ   ဥပဒေစည်းမျဉ်း  အများအပြားကို ပယ်ဖျက် ရန်လည်း သူက ညွှန်ကြားခဲ့လေသည်။
အလုပ်အကိုင်များစွာ ဖန်တီးရေး
‘ဖန်လုံအိမ် အာနိသင်’ ဓာတ်ငွေ့ထုတ် လွှတ်မှုလျှော့ချရေး၊ ‘သန့်ရှင်းသောစွမ်းအင်’ တိုးမြှင့်အသုံးပြုရေး၊ ‘စွမ်းအင်သစ်’ ကဏ္ဍမှ နေ၍ အလုပ်အကိုင်နေရာ သန်းပေါင်းများစွာ ဖန်တီးရေးတို့နှင့်ပတ်သက်၍     ဘိုင်ဒင်က ထောက်ခံပြောဆိုခဲ့လေသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ် သော  ရုရှားနိုင်ငံနှင့်  အမေရိကန်အကြား ဆက်ဆံရေးကဏ္ဍသစ် မည်သို့မည်ပုံ ဖြစ်ပေါ် လာနိုင်သနည်းဆိုသော   အချက်မှာလည်း စိတ်ဝင်စားစရာကောင်းလှပေသည်။
၂၀၁၆ အမေရိကန် ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက     ဝင်နှောင့်ခဲ့သည်ဆိုသော အမေရိကန်  ထောက်လှမ်းရေးဌာနများ၏ သုံးသပ်ချက်အပေါ် သမ္မတထရမ့်က ခွင့်လွှတ် နိုင်ဖွယ်ရှိမှုကို    ထုတ်ဖော်ပြခဲ့သော်လည်း သမ္မတထရမ့်၏အစိုးရအဖွဲ့က   ယင်းနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများ (ဒဏ်ခတ်မှု များ)ကို ပြုလုပ်ခဲ့ကြောင်း တွေ့မြင်ကြရသည်။ ယူကရိန်းအရေး၊   ရွေးကောက်ပွဲကြားဝင် စွက်ဖက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု၊ လူ့အခွင့် အရေး၊ ဓာတုလက်နက်သုံးစွဲမှု၊ မြောက်ကိုရီး ယားနှင့် တရားမဝင်ကုန်သွယ်ရေး ဆက်ဆံမှု၊ ဆီးရီးယားနှင့်     ဗင်နီဇွဲလားနိုင်ငံတို့ကို အားပေးထောက်ခံမှုတို့ ပြုလုပ်သည်ဟုဆိုကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ ဘိုင်ဒင်အာဏာရရှိလာပါက ရုရှားအပေါ်   အမေရိကန်က   တင်းမာသော သဘောထားရပ်တည်ချက်ကို ဆက်လက်ကိုင် စွဲဖွယ်ရှိသည်ဟု နိုင်ငံရေးသုံးသပ်သူများက ယူဆကြသည်။
နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက်ပွဲ အကြိုကာလတွင် သမ္မတထရမ့်နှင့်  ဘိုင်ဒင် တို့ အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြချိန် တွင် အမေရိကန်၏    နိုင်ငံခြားရေးမူဝါဒအရွေ့ မည်သို့ရှိလာနိုင်ပုံကို ကမ္ဘာက အကဲခတ်နေ ကြသည်ဟု      ကျွန်ုပ်အလေးမူမိရင်း “မူဝါဒ အပြောင်းအလဲ ရွေးကောက်ပွဲပေါ်တည်’’ ဟု ကျူးရင့်မိပါသတည်း။       ။
SOURCE: Daily News Updates

ကြေးမုံ